ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

Wed, 08/02/2023 - 03:27 -- mocadmin

နေပြည်တော်- ၃၁-၇-၂၀၂၃

   ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များ၌ ပါရှိခဲ့သော “ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့ပူးပေါင်း ဆောင်ရွက်ရန်”  ဖော်ထုတ်ချက်နှင့်အညီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက်(Supply Chain) တစ်လျှောက် ဟန်ချက်ညီညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေး နှင့် အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီဆန်စက် များစသည့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်းစသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ဆန်စပါးကဏ္ဍ ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာများနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်း မျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးတို့အတွက် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာဈေးကွက်ဝေစုပိုမိုရရှိစေရေးအားလုံးဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း အမှာစကားပြောကြား ခဲ့ပါသည်။

   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ဆန်စပါးအရည်အသွေးမြှင့်တင်ရေးနှင့်မျိုးကောင်းမျိုးသန့်စပါးများ  တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသောစပါးများကို ခေတ်မီနည်းပညာများဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့အတွက် အချိတ်ဆက်မိမိဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆန်စက်များ ကိုင်တွယ်မောင်းနှင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက်  မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဆင်တဲစက်မှု သင်တန်းကျောင်းတွင် ပူးပေါင်းသင်ကြားပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကျရာကဏ္ဍကနေ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆန်စပါးသည် မိမိတို့နိုင်ငံ၏ အဓိကစားသုံးသီးနှံ ဖြစ်သည့်အပြင် ပြည်ပပို့ကုန်ဝင်ငွေ ရှာဖွေပေးလျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊  စပါးကောင်းမှ ဆန်ကောင်းမည်ဖြစ်သကဲ့သို့ ဆန်စက်ကောင်းမှဆန် အရည်အသွေးကောင်းမွန်မည် ဖြစ်ပါကြောင်း၊ ဆန်အထွက်နှုန်းကောင်းမွန်မှသာ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့ များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနနှင့်  စက်မှုဝန်ကြီးဌာန၊ ဆင်တဲစက်မှုသင်တန်းကျောင်းတို့တွင် ဆန်စပါးကဏ္ဍနှင့် ဆက်နွယ်သည့်သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပညာရှင်များနှင့် ဆန်စပါးကဏ္ဍ၌ လက်တွေ့ ဆောင်ရွက်နေသည့် အင်ဂျင်နီယာများက ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့၊ ရောင်းချခြင်းဆိုင်ရာနည်းပညာများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြေခံလျှပ်စစ်ကဏ္ဍတွင် သိသင့် သိထိုက်သည့်ပညာရပ်များ၊ စက်ရုံအလုပ်ရုံသုံး ဘွိုင်လာနည်းပညာများ၊ အခြေခံဂဟေဆက် နည်းပညာများစသည့်ပညာရပ်များကို ရက်ပေါင်း (၄၀) ကြာစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages