စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 07/07/2022 - 03:19 -- mocadmin

 

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသည့်အပြင် ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များနှင့် ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊  စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးအနေဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံ ပြီး ပြည်တွင်းမွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာသည်နှင့် အညီ ကုန်စည်အရည်အသွေး သတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံအသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍ အလိုက် စိန်ခေါ်မှုများ ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်မည့်နည်းလမ်းများကို ပွင့်ပွင့်လင်းလင်းဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များ ကိုလည်း ညှိနှိုင်းပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းမွေးမြူရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ချိန်ဆ၍ ပြည်ပတင်ပို့နေမှုအခြေအနေ၊ ဆန်ထွက်ပစ္စည်းများနှင့် တန်းမြင့်ဆန် များ ပြည်ပတင်ပို့မှုအခြေအနေ၊ ပို့ကုန်လိုင်စင်လျှောက်ထားမှုကိစ္စရပ်များနှင့် စပ်လျဉ်းပြီးနိုင်ငံတော်မှကူညီဆောင်ရွက်ပေးစေလိုသည် များကို ဆွေးနွေးတင်ပြခဲ့သည်။

  ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များအပေါ် အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

   အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံယမကာ ထုတ်လုပ်ဖြန့်ဖြူး သူများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages