စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 02/18/2021 - 08:01 -- wtodep

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ (၁၅:၃၀) နာရီ အချိန်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  Trade Policy Review Body – TPRB မှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်း အဝေး ပထမနေ့သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ TPRB ဥက္ကဋ္ဌဖြစ်သူ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald ASPELUND က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက် လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ခုနှစ် မတ်လတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အချိန်ဇယားသတ်မှတ်ချက်အရ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား အဖွဲ့ဝင်ဖွံ့ဖြိုးပြီးနိုင်ငံများက (၃) နှစ်လျှင် တစ်ကြိမ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများက (၅) နှစ်လျှင်တစ်ကြိမ်၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများက (၇) နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်း များနှင့် ကတိကဝတ်များအား မိမိတို့နိုင်ငံအနေဖြင့် အကောင်းဆုံး လိုက်ပါဆောင်ရွက်လျက်ရှိ ကြောင်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအစည်းအဝေး အား မူလက ၂၀၂၀ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားရန် လျာထားစီစဉ်ခဲ့သော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ညှိနှိုင်းချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ပြောင်းလဲပြုလုပ်သွားရန် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ အစီရင်ခံစာနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာပြုစုရန်အတွက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် နိုင်ငံရေးကိစ္စထက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်တွင် ပါဝင်ဆောင်ရွက်နေမှုများကို ပွင့်လင်းမြင်သာစွာဖြင့် အစီရင်ခံခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ချမှတ်ထားသည့် အစီအမံများကိုသာ အလေးထားကာ Technical Nature အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်း စဉ်အား အဖွဲ့ဝင်များက လိုက်ပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်အားလုံးက နိုင်ငံစုံ ကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကတိ ကဝတ်များအား တက်ကြွစွာ လိုက်ပါဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများမှ မေးခွန်းပေါင်း (၃၁၃) ခုအား မေးမြန်းထားကြောင်း၊ သတ်မှတ်အချိန်ဇယားအရ ဖြေဆိုရမည့် မေးခွန်း (၁၅၀) ခန့်၏ အဖြေများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးပို့ထားပြီး ကျန် မေးခွန်းများအား ဆက်လက်ဖြေဆို ပေးပို့သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ စိတ်ပါ ဝင်စားစွာ မေးခွန်းများ မေးမြန်းမှုအား ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Discussant ဖြစ်သူ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kirsti KAUPPI မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများကလည်း မြန်မာ နိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်သောဌာနများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၃၀) ဦးခန့် Virtual Platform ကို အသုံးပြု၍လည်းကောင်း ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးနှင့်ဘာသာရပ်တာဝန်ခံသံမှူး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ TPRB ဥက္ကဋ္ဌဖြစ်သူ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald ASPELUND ဦးဆောင်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံ ၁၆၄ နိုင်ငံမှ ကိုယ်စားလှယ်များက In person ဖြင့်လည်းကောင်း၊ Virtual Platform အသုံးပြု၍ လည်းကောင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး ပထမအစီအစဉ်အား ညနေ (၁၈:၀၀) နာရီတွင် ခေတ္တရပ်နားခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages