မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်

Tue, 01/10/2023 - 10:11 -- mocadmin

နေပြည်တော်၊ ဇန်နဝါရီ ၁၀    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ အာဆီယံ-ဂျပန်စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့်အညီ မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ထုတ်လုပ်တင်ပို့ရောင်းချမှု မြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ်ကိုယ်စား Senior Executive Officer Dr.Yuka Kubota က ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ကာ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာက‌ပေါနှင့် ညွှန်ကြားရေးမှူး၊ ဒေါက်တာသက်လွင်ဦးတို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

    ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ဂျပန် စျေးကွက်သို့ တင်ပို့ရန် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန် များဖြစ်သည့် ဝဥ၊ ဂျင်း၊ တိုင်းရင်းဆေး၊ ဟင်းသီးဟင်းရွက်နှင့် နှမ်းထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။

    အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဂျပန်စျေးကွက်သို့ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ များမှ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းနောက် သီးနှံအုပ်စုအလိုက် အစုအဖွဲ့များမှ ဂျပန်စျေးကွက် ဝင်ရောက်နိုင်ရေး အားသာချက်၊ အားနည်းချက်များနှင့် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးခဲ့ကြသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန်စင်တာမှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ နောင်တရားမြို့၊ ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့မှ လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages