စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Sat, 12/16/2023 - 10:41 -- mocadmin

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဆွေးနွေးပွဲ၌ စင်ကာပူသမ္မတနိုင်ငံ၊ စင်ကာပူမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာသင်တန်းသို့ တက်ရောက်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က "ဒီဂျစ်တယ်ကုန်သွယ်ရေးမှ သည် ဒီဂျစ်တယ်စီးပွားရေးဆီသို့” ခေါင်းစဉ်ဖြင့်ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူး၊ဦးညီညီအောင် မှ ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပြည်ပ၌ဖွင့်လှစ်ပို့ချသည့်သင်တန်းများတွင်သာမက ပြည်တွင်းသင်တန်းများတွင်လည်း ထူးချွန်စွာပြီးမြောက်အောင်ကြိုးစားသွားကြရန်၊ ကုန်သွယ်မှုမူဝါဒများအား သိရှိနားလည်ပြီး အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်း (Skill) ပြည့်ဝအောင် ဆောင်ရွက်ရန်၊ ယုံကြည်မှု (Trust) ရရှိအောင် တည်ဆောက်ရန်၊ ပူးပေါင်းပါဝင်မှု (Cooperation) ကိုအပြည့်အဝ ပါဝင်ဆောင်ရွက်ရန်၊ Digital Trade နှင့် E-commerce ပညာရပ်များအား မျက်ခြေမပြတ် လေ့လာမှတ်သားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။

            ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့ ၌ ဖွင့်လှစ်ခဲ့သည့် အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၁၇) တွင် သင်တန်းသူစံပြဆုရရှိခဲ့ သည့် ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၆) တွင် သင်တန်းသား ဒုတိယဆု ရရှိခဲ့သည့် အငယ်တန်းစာရေး ဦးသက်ပိုင်စိုး၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၆) တွင် သင်တန်းသား ဒုတိယဆုရရှိခဲ့သည့် အကြီးတန်းစာရေး ဦးငြိမ်းဇော်ဌေး၊ အရာထမ်း ငယ်သင်တန်းအမှတ်စဉ် (၉၆) တွင် သင်တန်းသားသေနတ်ပစ်ထူးချွန်ဆုရရှိခဲ့သည့် ဒု-ဦးစီးမှူး ဦးမင်းအောင်နှင့် အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၁၇) တွင် အဆင့် (၄) ရရှိခဲ့သည့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆွေးနွေးပွဲသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၂၁၃) ဦး တို့က In person တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်း များက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages