စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျုဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 08/31/2023 - 10:51 -- mocadmin

နေပြည်တော်၊ ဩဂုတ် ၃၁ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျုဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အစည်းအဝေးများကို တစ်နှစ်လျှင် ၂ ကြိမ်ကျင်းပလျက်ရှိရာ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ(၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးတွင် “အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈)မူကြမ်းအား သက်ဆိုင်ရာဌာနများနှင့် အသေးစိတ် ပြန်လည်ညှိနှိုင်းပြီး (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးသို့ ပြန်လည်တင်ပြသွားရန်” လမ်းညွှန်ခဲ့သည့်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈) တွင် “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ဟူသော မျှော်မှန်းချက်ဖြင့် မဟာဗျူဟာ ၆ ရပ် ချမှတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးတို့အတွက် အထောက်အကူဖြစ်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ပေါ်ပေါက်လာစေရန် အသေးစိတ်ညှိနှိုင်း ဆွေးနွေးပေးစေလိုကြောင်းနှင့် အစည်းအဝေးမှရရှိလာမည့် ဆွေးနွေးချက်များနှင့် အညီပြင်ဆင်ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးမှာ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးတို့က အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ (၂၀၂၃-၂၀၂၈) မူကြမ်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်များတောင်းခံခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages