စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Wed, 08/30/2023 - 15:05 -- mocadmin

နေပြည်တော်၊ ဩဂုတ် ၃၀          ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။        

          ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုံးဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့် လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ ၎င်းအပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူ ပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုံးဆီအခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျှက်ရှိပါကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ဇူလိုင်လ (၁) ရက်နေ့က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေ‌ရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ယင်းနောက် ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်း ဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေ အနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages