စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီ သိုလှောင်ဖြန့်ဖြူးမှုနှင့် ပြောင်းနှင့်ဆန် ပြည်ပသို့ တင်ပို့နေမှုများအား ကြည့်ရှုစစ်ဆေး

Mon, 02/19/2024 - 07:43 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိပြီး တာဝန်ခံတစ်ဦးမှ ဆီများ ပြည်ပမှမှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်း စားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေး စစ်ဆေးမှုအခြေအနေများ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပြည်တွင်းဖြန့်ဖြူး နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့နည်းမှုမရှိစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ (၁၁) ခုက ပြည်ပသို့ ဝမ်းပုံ (In Bulk) စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်တင်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့ တင်ပို့မည့် ဝမ်းပုံ (In Bulk)စနစ်ဖြင့် ပြောင်းများအား အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်၊ ထီးတန်း ဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများသိုလှောင်ထားရှိမှု၊ ဆီပေပါများအတွင်း ထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး စားသုံးဆီများ အရေအတွက်နှင့်အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူ လက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages