HACCP (Hazard Analysis Critical Control Points) နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ

Fri, 11/18/2022 - 07:33 -- Dotbilateral

HACCP ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

        HACCP (Hazard Analysis Critical Control Points) သည် အစားအသောက် ဘေးကင်း လုံခြုံရေးဆိုင်ရာအန္တရာယ်ကို ခွဲခြားသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ် ပြုသည့်စနစ်တစ်ခုဖြစ်သည်။

    HACCP သည် ကုန်ကြမ်းထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များမှ ကုန်ချောထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စားသုံးခြင်းအထိ ဇီဝဗေဒ၊ ဓာတုနှင့် ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ထိန်းချုပ်ခြင်းမှတစ်ဆင့် အစားအသောက် ဘေးကင်းမှုကို ကိုင်တွယ်ဖြေရှင်း သည့် စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်သည်။ HACCP ၏ ရည်မှန်းချက်မှာ အစားအသောက် ဘေးကင်းရေး အန္တရာယ်များ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် လျှော့ချရန်ဖြစ်သည်။

      ယနေ့ခေတ်တွင် ကမ္ဘာ့အကောင်းဆုံးထုတ်လုပ်သူနှင့် ရောင်းချသူအများအပြားသည် ၎င်းတို့၏ အစားအစာဘေးကင်းရေး စီမံခန့်ခွဲမှုအစီအစဉ်များအတွက် အခြေခံစနစ်တစ်ခုအဖြစ် HACCP ကို အသုံးပြုကြသည်။

HACCP ၏ အခြေခံစည်းမျဉ်းများ

          HACCP အစီအစဥ်တွင် အရေးကြီးဆုံးအဆင့်ဖြစ်သည့် အခြေခံစည်းမျဉ်း (၇) ခု အပေါ်တွင် အခြေခံထားသည်။ ပထမစည်းမျဉ်း (၂) ခုသည် HACCP အစီအစဉ်အတွက် အခြေခံအုတ်မြစ်ဖြစ် သည်။ ကျန်စည်းမျဉ်း (၅) ခုသည် HACCP အစီအစဥ်၏ အသုံးချအဆင့်များဖြစ်ပြီး HACCP အစီ အစဥ်၏ လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန်အတွက်ဖြစ်သည်။

စည်းမျဉ်း ၁ - အန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်း ပါဝင်မှု ရှိ/မရှိ ခွဲခြမ်းစိတ်ဖြာမှုကို စစ်ဆေး ဆောင်ရွက်ခြင်း

          အန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်း ပါဝင်မှု ရှိ/မရှိ ခွဲခြမ်းစိတ်ဖြာမှုကို စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ရမည့်အဆင့်များကို စာရင်းပြုစုခြင်းနှင့် အန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည့်ကိစ္စရပ်များကို ခွဲခြားသတ်မှတ်ခြင်းတို့ ပါဝင်သည်။

        HACCP စစ်ဆေးသည့်အဖွဲ့အနေဖြင့် အန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်း ပါဝင်မှု ရှိ/မရှိ  ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်းနှင့် သင်လျော်သော ထိန်းချုပ်မှုအစီအမံများစစ်ဆေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ အန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်း ပါဝင်မှု ရှိ/မရှိ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း၏ရည်ရွယ်ချက်မှာ သုံးစွဲသူများအနေဖြင့် ထိခိုက်မှုများရှိခြင်း (သို့မဟုတ်) ဘေးအန္တရာယ် ဖြစ်စေနိုင်ခြင်း စသည့်အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများ ပါဝင်မှု ရှိ/ မရှိကို စစ်ဆေးဖော်ထုတ်ရန် ဖြစ်ပါသည်။

     အန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်း ပါဝင်မှု ရှိ/မရှိ  ခွဲခြမ်းစစ်ဆေးရာတွင် ပါဝင်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ ထုတ်လုပ်မှုအဆင့်၊ ထုတ်ကုန်သိုလှောင်သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် နောက်ဆုံး အဆင့် ပြင်ဆင်ခြင်းစသည့် အဆင့်များကိုပါ ထည့်သွင်းစစ်ဆေးဆောင်ရွက်ရန် အရေးကြီးပါသည်။

စည်းမျဉ်း ၂ - အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်းထိန်းချုပ်မှုအမှတ်များ စစ်ဆေးခြင်း

   အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်းထိန်းချုပ်မှုအမှတ်များ စစ်ဆေးခြင်း အဆင့်တွင် အစားအသောက်ဘေးအန္တရာယ်ဖြစ်စေမှုကို ကာကွယ်ရန်၊ ပပျောက်ရန်နှင့် လျှော့ချနိုင်ရန် ထိန်းချုပ်စစ်ဆေးမှုများပြုလုပ်ပြီး လက်ခံနိုင်သောအစားအသောက် ဘေးအန္တရာယ်ကင်းရှင်းမှုဖြစ်သည်အထိ စစ်ဆေးခြင်းဖြစ်ပါသည်။

  စည်းမျဉ်း (၂)ပါ အရေးကြီးသောဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်းထိန်းချုပ်မှုကို ပြည့်စုံ စွာစစ်ဆေးထိန်းချုပ်နိုင်ခြင်းသည် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိန်းချုပ်နိုင်ရန် အတွက် အခြေခံစစ်ဆေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အပူပေးစစ်ဆေး လုပ်ဆောင်ခြင်း၊ အေးခဲစစ်ဆေးခြင်း၊ ဓာတုအကြွင်းအကျန်များအတွက် ပါဝင်ပစ္စည်းများကို စမ်းသပ်ခြင်း၊ ထုတ်ကုန် ဖော်မြူလာထိန်းချုပ်စစ်ဆေးခြင်းနှင့် သတ္တုညစ်ညမ်းမှု ပါဝင်ခြင်း ရှိ/ မရှိစစ်ဆေးရန်အတွက် ထုတ်ကုန်ပစ္စည်းများကို စမ်းသပ်စစ်ဆေးခြင်းတို့ပါဝင်သည်။ အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်းထိန်းချုပ်သည့်အဆင့်ပါ ဆောင်ရွက်ချက်များကို ဂရုတစိုက်ပြုစုပြီး မှတ်တမ်းတင်ထားရှိရပါမည်။

စည်းမျဉ်း ၃ - အရေးကြီး ကန့်သတ်တားမြစ်ချက်များ သတ်မှတ်ခြင်း

  အရေးကြီးသော ကန့်သတ်တားမြစ်ချက်များ သတ်မှတ်ခြင်းသည် အစားအစာဘေးအန္တရာယ် ဖြစ်စေမှုကို ကာကွယ်ရန်၊ အန္တရာယ်ဖြစ်စေသည့် ပါဝင်ပစ္စည်းများကို ဖယ်ထုတ်ရန်၊ လျှော့ချနိုင်ရန်နှင့် အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်း ထိန်းချုပ်သည့်အဆင့်တွင် ဇီဝ၊ ဓာတု (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ဘောင်တစ်ခုအတွင်း အနည်းဆုံးနှင့် အမြင့်ဆုံးသတ်မှတ်ခြင်းဖြစ်သည်။ အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်း ထိန်းချုပ်စစ်ဆေးသည့် အခြေအနေတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းကြား၌ ခွဲခြားစစ်ဆေးနိုင်ရန်အတွက် အရေးကြီးသော ကန့်သတ်တားမြစ်ချက်များ သတ်မှတ်စစ်ဆေးခြင်းကို ဆောင်ရွက်ပါသည်။

          အရေးကြီးသော ကန့်သတ်တားမြစ်ချက်များသတ်မှတ်စစ်ဆေးရာတွင် စစ်ဆေးသည့် ထုတ်ကုန် ပစ္စည်း၏ အပူချိန်၊ ကြာမြင့်ချိန်၊ ပါဝင်မှုအတိုင်းအတာ၊ စိုထိုင်းဆ၊ အစိုဓာတ်အဆင့်၊ PH Level ပါဝင်မှုနှုန်း၊ ဆားပါဝင်မှု၊ ရရှိနိုင်သောကလိုရင်း၊ သိပ်သည်းဆ၊ ကြာရှည်ခံပစ္စည်း ပါဝင်မှုနှုန်းနှင့် အနံ့ပါဝင်သုံးစွဲမှုနှုန်းကဲ့သို့ အချက်များအပေါ် အခြေခံ၍ စစ်ဆေးမှုများ ဆောင်ရွက်ပါသည်။ အရေး ကြီးသော ကန့်သတ်တားမြစ်ချက်များ သတ်မှတ်စစ်ဆေးရာတွင် သိပ္ပံနည်းကျကျ အခြေခံစစ်ဆေးခြင်းဖြစ်သည်။

စည်းမျဉ်း ၄ - စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကြပ်မတ်ဆောင်ရွက်ခြင်း

 စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကြပ်မတ်ဆောင်ရွက်ရာတွင် အဓိက ရည်ရွယ်ချက်(၃)ခုရှိပါသည်။ ပထမအချက်အနေဖြင့် စစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေးစီမံခန့်ခွဲမှုအတွက် စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ပါသည်။ ဒုတိယအချက်အနေဖြင့် ထိန်းချုပ်စစ်ဆေးခြင်းများ ဆုံးရှုံးသည့်အချိန်၊  အရေးကြီးသော ဘေးအန္တရာယ်ဖြစ်စေမည့် ပါဝင်ပစ္စည်းထိန်းချုပ်မှုအဆင့် စစ်ဆေးခြင်းများ အားနည်း မှုများရှိသည့်အချိန်တွင် စောင့်ကြည့်စစ်ဆေးခြင်းကို အသုံးပြုနိုင်ပါသည်။ တတိယအချက်အနေဖြင့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စောင့်ကြည့်စစ်ဆေးမှုရလဒ်စာရွက် စာတမ်းအထောက်အထားများ ထုတ်ပေးပါသည်။

  စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို ထိန်းချုပ်စစ်ဆေးနိုင်ခြင်းမရှိပါက ဘေးအန္တရာယ်ဖြစ်စေသော အစားအသောက်များဖြစ်ပေါ်နိုင်ပါသည်။ အရေးကြီးသောစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိသည့်အတွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ထိရောက်မှုရှိပါသည်။ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို ရုပ်ပိုင်းဆိုင်ရာနည်းလမ်းဖြင့် လည်းကောင်း၊ ဓာတုဗေဒနည်းလမ်းဖြင့်လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ပါသည်။ 

စည်းမျဉ်း ၅ - မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်း

   အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံစစ်ဆေးမှုအတွက် HACCP စနစ်အနေဖြင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေမှုများကို ခွဲခြားသတ်မှတ်နိုင်ရန်၊ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန်၊ ဖယ်ရှားပစ်ရန်နှင့်လျှော့ချနိုင်ရန်အတွက် မဟာဗျူဟာ စစ်ဆေးချက်များ ချမှတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ မှန်ကန်သောစစ်ဆေးမှုများ၏ အဓိကရည်ရွယ်ချက်များမှာ စားသုံးသူများထံ အန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ မရောက်ရှိနိုင်ရန် တားဆီးဆောင်ရွက်ခြင်းဖြစ်သည်။

 မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် အောက်ပါအချက်များဖြင့် ချမှတ်ဆောင်ရွက်ပါသည်-

(က)   သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှုမရှိ သည့် အကြောင်းရင်းကို ဆုံးဖြတ်၍ ပြင်ဆင်ခြင်း၊

(ခ)     ပါဝင်ပစ္စည်းများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဆုံးဖြတ်၍ ကိုက်ညီမှု မရှိပါက ပြင်ဆင်ဆောင်ရွက်ခြင်း၊

(ဂ)     မှန်ကန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များအား မှတ်တမ်းတင်ထားရှိခြင်း၊

စည်းမျဉ်း ၆ - စိစစ်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း

   စိစစ်ရေးလုပ်ငန်းစဉ်များသည် HACCP အစီအစဉ်၏ ကျိုးကြောင်းဆီလျော်မှုရှိခြင်းကို ဆုံးဖြတ်သည့် စစ်ဆေးမှုလုပ်ငန်းများအား စိစစ်လုပ်ဆောင်ခြင်းဖြစ်သည်။ စိစစ်ရေးလုပ်ငန်းစဉ်များ အား HACCP အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် HACCP စနစ်ထိန်းသိမ်း ခြင်းကိစ္စရပ်များ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြုလုပ်သင့်ပါသည်။ စိစစ်ရေးလုပ်ငန်းစဉ်များကို ကုမ္ပဏီတစ်ခုအတွင်း လူတစ်ဦးချင်း၊ ပြင်ပအဖွဲ့အစည်းမှ ကျွမ်းကျင်သူများနှင့်စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီများမှ တာဝန်ရှိသူများမှ ဆောင်ရွက်ရပါမည်။

စည်းမျဉ်း ၇ - မှတ်တမ်းတင်ထိန်းသိမ်းခြင်းနှင့် စာရွက်စာတမ်းများပြုစုခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ချမှတ်ဆောင်ရွက်ခြင်း

    HACCP စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မှုရှိရန်၊ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် လုပ်ဆောင်မှုလုပ်ငန်းစဉ်များအား အဆင့် လိုက်မှတ်တမ်းထားရှိခြင်း၊ အကျဉ်းချုပ်ဇယားများ ပြုစုထားရှိခြင်း၊ စစ်ဆေးမှုများ ပြုလုပ်မည့်သူ၊ မှတ်တမ်းထားရှိမည့်သူများအား တာဝန်သတ်မှတ်ပေးထားခြင်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။

HACCP စနစ်ကို ကျင့်သုံးလျက်ရှိသောနိုင်ငံများ

   အဆိုပါ HACCP စနစ်ကို အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊  ဗီယက်နမ်၊ ယူအေအီး၊ အစ္စရေး၊ ဘာရိန်း၊ အီရန်နှင့် ဂျော်ဒန် စသည့်နိုင်ငံတို့မှ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

HACCP လက်မှတ်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ

HACCP လက်မှတ်ကို စိုက်ပျိုးမွေးမြူရေးအဆင့်မှ စားသုံးမှုအဆင့်အထိ ဆောင်ရွက်သော အစားအသောက်ဆိုင်ရာထောက်ပံ့ပေးသည့် အောက်ဖော်ပြပါ အဖွဲ့အစည်းအားလုံး လျှောက်ထား နိုင်ပါသည်-

  • ပင်မ ထုတ်လုပ်သူများ
  • သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုလုပ်ငန်းရှင်များ
  • စက်ပစ္စည်းများ၊ ထုပ်ပိုးမှုဆိုင်ရာပစ္စည်းများ၊ သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကြာရှည် ခံပစ္စည်းများ၊ ပါဝင်ပစ္စည်းများနှင့် အစားအစာနှင့်သက်ဆိုင်သည့် ထုတ်ကုန်များထုတ်လုပ် သည့် ထုတ်လုပ်သူများနှင့် ကုန်ထုတ်လုပ်သူများ

 HACCP အသိအမှတ်ပြုလက်မှတ်သည် ထုတ်လုပ်သည့် အစားအသောက်များ လုံခြုံစိတ်ချရမှု နှင့်သက်ဆိုင်သည့် ကတိကဝတ်များကို စားသုံးသူများအား သက်သေပြပါသည်။ HACCP လက်မှတ် သည် ISO 22000 ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

HACCP လက်မှတ်လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ

 ကုမ္ပဏီများအနေဖြင့် HACCP လက်မှတ်လျှောက်ထားရာတွင် ယေဘုယျလိုအပ်သောစာရွက် စာတမ်းအထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    သက်ဆိုင်ရာဝန်ကြီးဌာန၏ သတ်မှတ်ထားသောလျှောက်လွှာ၊ (ဥပမာ- အိန္ဒိယနိုင်ငံတွင် စားနပ်ရိက္ခ္ခ္ခ္ခ္ခ္ခ္ခာစီမံခန့်ခွဲရေးဝန်ကြီးဌာန (Ministry of Food Processing Industries – MFPI) က ဆောင်ရွက်ပါသည်။)

(ခ)     ကုမ္ပဏီများ/ အဖွဲ့အစည်းများရှိ တာဝန်ရှိသူများစာရင်းပြုစုထားသော အသေးစိတ်စီမံ ကိန်းအစီရင်ခံစာ၊

(ဂ)     HACCP လျှောက်ထားသည့် ကုမ္ပဏီ/ အဖွဲ့အစည်း၏ နောက်ခံသမိုင်းကြောင်းနှင့် ၎င်းတို့ နှင့်ဆက်စပ်နေသည့် ဆောင်ရွက်မှုများ၊

(ဃ)    ယခင်သုံးနှစ်တာကာလအတွင်း HACCP လျှောက်ထားသည့် ကုမ္ပဏီ/ အဖွဲ့အစည်း၏ ဝင်ငွေခွန်ပြန်တမ်းများ၊

(င)     သက်ဆိုင်ရာ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်း သတ်မှတ် ရေးအာဏာပိုင်က HACCP လျှောက်ထားသည့် ကုမ္ပဏီ/ အဖွဲ့အစည်းသို့ ထုတ်ပေး ထားသည့် လိုင်စင်မိတ္တူ၊

(စ)     သက်ဆိုင်ရာအာဏာပိုင်များမှ သတ်မှတ်ပေးသည့် ဈေးနှုန်းသတ်မှတ်ချက်၊

(ဆ)    လျှောက်ထားသည့် စက်ရုံနှင့် စက်ပစ္စည်းအသေးစိတ်ဖော်ပြချက်၊

(ဇ)     HACCP/ ISO 22000 စနစ်အား အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင် အထည်ဖော်မှုအစီအစဉ်ဆိုင်ရာ ဆက်စပ်စာရွက်စာတမ်းများ၊

(ဈ)     ကုန်ထုတ်လုပ်ခြင်း စတင်သည့်နေ့ရက်နှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက် အထားများ၊

HACCP လျှောက်ထားမှုအဆင့်ဆင့်

 HACCP လက်မှတ်လျှောက်ထားရာတွင် လိုအပ်သော ဆောင်ရွက်မှုအဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  လျှောက်လွှာတင်ခြင်း

လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ လျှောက်လွှာတင်ခြင်းသည် HACCP အသိအမှတ် ပြုလက်မှတ်ရရှိရန် ကနဦးအဆင့် ဖြစ်ပါသည်။ လျှောက်လွှာတွင် ဖြည့်စွက်ရာ၌ ကုမ္ပဏီနှင့်ပတ်သက်သော အခြေခံအချက်အလက်များကို ပြည့်စုံစွာ ဖြည့်ရပါမည်။ အာဏာပိုင်အဖွဲ့မှစိစစ်ပြီး လျှောက်လွှာကို လက်ခံရရှိပါက HACCP ဒေတာဘေ့စ်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါသည်။

(ခ)    လျှောက်လွာတင်မှုကို ပြန်လည်သုံးသပ်ခြင်း

လျှောက်လွှာဖြည့်ရာတွင် ပြည့်စုံမှုရှိစေရန် လက်ခံရရှိထားသော လျှောက်လွှာများကို သက်ဆိုင်ရာအဖွဲ့အစည်းမှ ပြည်လည်စစ်ဆေးပါသည်။

(ဂ)     ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ကွာဟချက်များအား ဆန်းစစ်ခြင်း

        လျှောက်လွှာပါ စာရွက်စာတမ်းများအား ပြန်လည်သုံးသပ်ပြီးသည်နှင့် အကြံပေးများအနေဖြင့် အလားအလာရှိသော ဝယ်ယူသူများကို ဈေးနှုန်းသတ်မှတ်ပေးခြင်းနှင့်   အရည်အသွေးစံသတ်မှတ်ချက်များ ကိုက်ညီစေရန် ဆောင်ရွက်ရပါမည်။ ကွာဟချက်           မရှိစေရန်အတွက် စီစဉ်ထားသောအရာများနှင့် အမှန်တကယ်ပါဝင်သောအရာများအကြား ကွာဟမှုကို စစ်ဆေးပါသည်။

(ဃ)    တင်ပြထားသည့် စာရွက်စာတမ်းများ ပြန်လည်သုံးသပ်ခြင်း  

          ဖြည့်စွက်ထားသည့်အချက်များ ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးရန် တင်ပြထားသော  စာရွက်စာတမ်းများကို ပြန်လည်စစ်ဆေးပါသည်။

(င)     စာရွက်စာတမ်းများကို စစ်ဆေးခြင်း

          စာရွက်စာတမ်းများကို စစ်ဆေးရာတွင် အဆင့် (၂) ဆင့်ဖြင့် စစ်ဆေးပါသည်။

      အဆင့် (၁)    

  • ကုမ္ပဏီမှတင်ပြသည့် စာရွက်စာတမ်းအထောက်အထားများ၊ မူဝါဒများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊
  • စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြောင်းသေချာစေရန် စီမံခန့်ခွဲမှုစနစ်၏ စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ခြင်း၊
  • ကိုက်ညီမှုမရှိသည့် ဆောင်ရွက်ချက်များကို အမှန်ပြုပြင်ဆောင်ရွက်ခြင်း၊
  • စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ စာရွက်စာတမ်းများ စိစစ်ခြင်း၊

 အဆင့် (၂)    

     စစ်ဆေးသူသည် လျှောက်ထားသည့် အဖွဲ့အစည်း/ ကုမ္ပဏီမှ တင်ပြလာသည့် စာရွက်စာတမ်းများအတိုင်း လုပ်ဆောင်မှု ရှိ/မရှိ စိစစ်ပြီး လက်မှတ်ထုတ်ပေးသည့် အဖွဲ့၏ စစ်ဆေးသူသည် ကျိုးကြောင်းညီညွတ်မှုမရှိသောအချက်များကို စိစစ်၍     မှန်ကန် မှုရှိလာသည်အထိ စစ်ဆေးမှုများပြုလုပ်ပါသည်။ 

 (စ)     လက်မှတ်ထုတ်ပေးခြင်း

  စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စာရွက်စာတမ်းများ တင်ပြလာပါက  သက်တမ်း (၃) နှစ် ကာလရှိသော လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

 (ဆ)    လက်မှတ်ပြန်လည်ထုတ်ပေးခြင်း (Re-Certification)

 
       HACCP လက်မှတ်သက်တမ်း (၃) နှစ်ကုန်ဆုံးသည့်အချိန်၌ လုပ်ဆောင်သေ လုပ်ငန်းစဉ်ဖြစ်ပါသည်။

HACCP လက်မှတ်၏ အကျိုးကျေးဇူးများ

HACCP လက်မှတ်၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အစားအသောက်ဘေးကင်းရေးစံနှုန်းများကို မြှင့်တင်ခြင်း၊

(ခ)   ဥပဒေနှင့်အညီ ကိုက်ညီမှုရှိခြင်း၊

(ဂ)   အစားအသောက် အရည်အသွေး စံချိန်စံညွှန်းများ တိုးမြှင့်ခြင်း၊

(ဃ) စျေးကွက်တန်ဖိုးကို တိုးတက်စေခြင်း၊

(င)   စားသုံးရန် ဘေးကင်းပြီး အရည်အသွေးကောင်းမွန်သော အစားအစာများ ထုတ်လုပ်ရန် မူဘောင်ဖြစ်ခြင်း၊

(စ)   အစားအစာထုတ်လုပ်မှုတွင် အန္တရာယ်ကို လျှော့ချပေးခြင်း၊

(ဆ) အဖွဲ့လိုက်လုပ်ဆောင်မှုကို တည်ဆောက်ပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊

(ဇ)   အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်သက်သာခြင်း။