စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်စက်ရုံများအား ကြည့်ရှုစစ်ဆေး

Sat, 12/09/2023 - 17:32 -- mocadmin

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ရေထွက်ကုန်လုပ်ငန်းများ ထုတ်လုပ်တင်ပို့လျက်ရှိသည့် Golden Bay Limited နှင့် ရွှေပြည်သာ စက်မှုဇုန်ရှိ ပဲမျိုးစုံ၍ ပြည်ပသို့တင်ပို့လျက်ရှိသည့် New Golden Gate (1991) Co., ltd သို့ရောက်ရှိ ရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စက်ရုံမှထုတ်လုပ်နေမှုများနှင့် ပြည်ပသို့ တင်ပို့ နေမှုများအား ရှင်းလင်းပြောကြားပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ရေထွက်ကုန်ပစ္စည်းများနှင့် ပဲများ ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုများအားကြည့်ရှု၍ စက်ရုံထွက်ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ဦးစွာဆောင်ရွက်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်ပဈေးကွက်ပိုမိုရရှိ အောင်ဆောင်ရွက်ရေး၊ မှန်ကန်သည့်ကုန်သွယ်မှု ဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေးအတွက် အစိုးရနှင့်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး၊ ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဒေသတွင်းနိုင်ငံများနှင့် သာမကနိုင်ငံတကာနှင့်ပူးပေါင်း၍ တိုးမြှင့် တင်ပို့နိုင်ရေး၊  ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်ဝရေး၊ ပြည်ပတင်ပို့မှုတွင် နိုင်ငံတကာမှအသိအမှတ်ပြုပြီး ပြည်ပဈေးကွက်များတွင် တိုးချဲ့ဝင်ရောက်နိုင်မည့် Hazard Analysis and Critical Control Point (HACCP) ကဲ့သို့ နိုင်ငံတကာသတ်မှတ်စံချိန်စံညွှန်းမီ ကြိုးပမ်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။‌

          ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားဇာတ်ရုံ၊ မြို့မကျောင်း လမ်း၌ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

         ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပန်းပဲတန်းမြို့နယ်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးများကို ဆွေးနွေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages