စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Fri, 09/29/2023 - 16:35 -- ipICTdep

နေပြည်တော်၊  စက်တင်ဘာလ  ၂၈

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့၊  နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်/ကောလိပ် များမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၁၅၀ ) ဦးခန့်  တက်ရောက်ခဲ့ ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဥပဒေများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည့် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် စာပေနှင့်အနုပညာဆိုင်ရာ အဖွဲ့အစည်းများသို့ အသိပညာပေးနိုင်ခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက် နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် အာဏာသက်ဝင်မည်ဖြစ်သည့်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို သိရှိ နားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်ခြင်းဖြင့် စာပေနှင့်အနုပညာလက်ရာများကို အသုံးပြုရာတွင် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အခကြေးငွေပေးရန်မလိုဘဲ ကန့်သတ်ချက်၊ ကင်းလွတ်ချက်ဖြင့် အသုံးပြုနိုင်မည့် အခြေအနေများ၊ မူပိုင်ခွင့်ချိုးဖောက်သည့်အပြုအမူများကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်၍ လိုက်နာကျင့်သုံးကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။