ထိုင်းနိုင်ငံသည် (EV)ဘတ္ထရီထုတ်ကုန်အတွက် CATL ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူပြော

Fri, 05/12/2023 - 04:19 -- Dotbilateral

          ထိုင်းနိုင်ငံသည် ဒေသတွင်းနိုင်ငံများအကြား လျှပ်စစ်ကား(EV) ထုတ်လုပ်မှု ဗဟိုချက်မ နိုင်ငံ(၁)ခု ဖြစ်လာစေရေးအတွက် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးကုန်ထုတ် စက်ရုံများ တည်ဆောက်သွားရန် တရုတ်နိုင်ငံ၏ Contemporary Amperex Technology Co Ltd-CATL ကုမ္ပဏီနှင့် အခြားဘထ္ထရီထုတ်လုပ်သူများနှင့် ဆွေးနွေးလျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ကား ထုတ်လုပ်မှုများဆောင်ရွက်ရန် ထောက်ပံ့မှုများနှင့် အခွန်အခပေးဆောင်မှုများကို ပယ်ဖျက်ဆောင်ရွက်ပေးလျက်ရှိပြီး တရုတ်နိုင်ငံပြီးနောက် EV ကဏ္ဍအပေါ် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်(Supply Chain) တွင် အဓိကအရေးပါသည့် ဒုတိယမြောက်နိုင်ငံ တစ်ခုဖြစ်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိချိန်တွင် ထိုသို့သော ဆွေးနွေးချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

          “CATL ကုမ္ပဏီသာမက အခြားကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၌ ဘတ္ထရီ စက်ရုံများတည်ဆောက်ရန် ဘတ္ထရီဆဲလ်ထုတ်လုပ်သူများကို ဆွဲဆောင်သွားလိုခြင်းမှာ ၎င်းတို့၏ ရည်မှန်းချက် (၁)ခုဖြစ်ကြောင်း” ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Thailand Board of Investment (BOI)  အထွေထွေအတွင်းရေးမှူး ဖြစ်သူ Mr. Narit က ပြောကြားခဲ့သည်။

          ထို့အပြင် ကမ္ဘာ့ဘတ္ထရီစျေးကွက်ဝေစုအပေါ် ၃၇  % အထိ ပိုင်ဆိုင်ထားရှိသည့် CATL ကုမ္ပဏီသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ၌ ၎င်း၏ ကုန်ထုတ်စက်ရုံများ မရှိသေးကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

          ထိုင်းနိုင်ငံအတွင်း “ဘတ္ထရီနှင့်ပတ်သက်သည့် လုပ်ငန်းများ၌ အလားအလာရှိသောပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေဆောင်ရွက်သွားရန်”  တရုတ်နိုင်ငံ၊ ဖူဂျန်း (Fujian)အခြေစိုက် Ningde ကုမ္ပဏီသည် ထိုင်းစွမ်းအင်အဓိကကုမ္ပဏီဖြစ်သည့် PTT ကုမ္ပဏီနှင့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို မနှစ်ကထုတ်ပြန် ကြေညာခဲ့ပါသည်။

          PTT လက်အောက်ခံ ကုမ္ပဏီဖြစ်သော ARUN PLUS ကုမ္ပဏီသည် ထိုင်ဝမ်နိုင်ငံ၏ Foxconn ကုမ္ပဏီနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား EV များကို ၂၀၂၄ ခုနှစ်တွင် အစောဆုံး ထုတ်လုပ်နိုင်ရန် ဆောက်ရွက်လျက်ရှိနေပါသည်။

          ထိုင်းနိုင်ငံ၌ ဂျပန်မော်တော်ကား(Brand)များဖြစ်သော Toyota နှင့် Isuzu ကားများကို ထုတ်လုပ်လျက်ရှိပြီး ထိုင်းနိုင်ငံသည် ဒဿမအကြီးဆုံး ကားထုတ်လုပ်သည့်နိုင်ငံတစ်ခု ဖြစ်ပါသည်။

          ထိုင်းအစိုးရစီမံကိန်းအချက်အလက်များအရ ၂၀၃၀ ခုနှစ်တွင် ၎င်းတို့၏ နှစ်စဉ်ကားထုတ်လုပ်မှု စီးရေ ၂.၅ သန်း၏ ၃၀ % ခန့်ကို EV ကားများအဖြစ်သို့ ပြောင်းလဲထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း သိရှိရသည်။

          တရုတ်နိုင်ငံ၏ အဓိကကုမ္ပဏီများဖြစ်သော Great Wall Motors ကုမ္ပဏီနှင့် BYD ကုမ္ပဏီများ အပါအဝင် EV ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို  လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံက ဆွဲဆောင်နိုင်ခဲ့ပါသည်။

          သို့သော် ထိုင်းနိုင်ငံသည် ပြည်တွင်း ဘက်ထရီထုတ်လုပ်မှုများ အပါအဝင် အားသွင်းကိရိယာများ ကဲ့သို့သော EV အဓိကအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းစက်ရုံများကို ဆောင်ရွက်လာစေရန် ဆွဲဆောင်သွားလိုကြောင်း၊ အစိုးရ၏ ရည်မှန်းချက်မှာ ဘက်ထရီထုတ်လုပ်ရေး စက်ရုံကြီးများထံ တိုက်ရိုက်ပံ့ပိုးမှုများနှင့် ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း Mr. Narit က ပြောသည်။

          ထိုင်းနိုင်ငံအနေဖြင့် (၈) ဂစ်ဂါဝပ် (GWh) ထက်ပိုသော စွမ်းအင်ရှိ စက်ရုံများ၏ ရင်းနှီးမြှုပ်နှံမှု များအတွက် ရန်ပုံငွေပံ့ပိုးပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

          ထိုအရွယ်အစား စွမ်းအင်ရှိ စက်ရုံတစ်ရုံသည် ၇၅ ကီလိုဝပ်(kwh)ဖြင့် လျှပ်စစ်ကား EV ၁၀၆,၀၀၀ ကျော်အား စွမ်းအင်လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

          လက်ရှိတွင် တရုတ်နိုင်ငံ၏ CATL ကုမ္ပဏီသည် ဘတ္ထရီအဓိကထုတ်လုပ်သည့် စက်ရုံကြီး (၁၃)ရုံ ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံတွင် စက်ရုံ (၁၁)ရုံ၊ ဟန်ဂေရီတွင် (၁)ရုံ နှင့် ဂျာမနီတွင် (၁)ရုံတို့ ဖြစ်ပါ သည်။ ၎င်းတို့အနက် ဂျာမနီနိုင်ငံ၊ Erfurt မြို့အနီးရှိ စက်ရုံသည် ယခုနှစ်အတွင်း ထုတ်လုပ်မှုအား ၁၄ ဂစ် ဂါဝပ်(Gwh)  စွမ်းအင်ရှိ စက်ရုံအဖြစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          CATL အနေဖြင့် ဟွန်ဒါ (Honda) ၊ ဖို့ဒ် (Ford) နှင့် BMW ကုမ္ပဏီတို့အပြင် အခြားကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ တရုတ်နိုင်ငံဈေးကွက်ကိုကျော်လွန်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း CATL ၏ ဘတ္ထရီများကို Volkswagen မော်တော်ကား ၏ ID series များနှင့် တရုတ်နိုင်ငံထုတ် Tesla ကားများတွင်လည်း ထုတ်လုပ်တပ်ဆင်လျက်ရှိသည်။

Source;  (ရိုက်တာသတင်း)

           https://www.businesstimes.com.sg/international/asean/thailand-talks-catl-others-potential-battery-plants-government-official-says

 

International Trade News

Pages