နောက်ဆုံးရ သတင်း

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ စပါးအများစုထွက်ရှိရာ မြို့နယ် ၆၄ မြို့နယ်မှာ တောင်သူများထံက မိုးစပါးကို ဝယ်ယူလျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်အထိ ဝယ်ယူပြီးစီးမှုအနေနဲ့ စပါးတင်း ၁၀ သိန်းကျော်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရပါတယ်။ ဝယ်ယူထားတဲ့ စပါး ၁၀ သိန်းကို ဆန်အနေနဲ့ မတ် ၅ ရက်ကစပြီး ရန်ကုန်ရှိကြီးကြပ်မှုကော်မတီမှ စပြီးလက်ခံသွားမယ်လို့လည်း သိရပါတယ်။ မိုးစပါးအများစုထွက်ရှိရာ ဒေသများက ဝယ်ယူမှုကို မတ် ၁၀ ရက်မှာ အပြီးသတ်ဝယ်ယူမယ်လို့လည်း သိရပါတယ်။ မိုးစပါးဝယ်ယူပြီးစီးပါက နွေစပါးဝယ်ယူရေး စတင်မှုကို မတ် ၁၅ ရက်မှာ လျာထားသတ်မှတ်ဖို့ နိုင်ငံတော်အရန် ဆန်ထား ရှိရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အရန်ဆန်ဝယ်ယူရေးကော်မတီရဲ့ စပါးဝယ် ယူရေးနဲ့ပတ်သက်လို့ ညွှန်ကြားချက်များ အတိုင်း တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူမှု ရှိ မရှိ၊ စပါးသိုလှောင်တဲ့ သိုလှောင်ရုံ ကိစ္စ၊ ကြိတ်ခွဲမယ့် ဆန်စက်ကိစ္စနဲ့ ပတ်သက်ပြီး မမှန်ကန်မှုများ၊ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက နိုင်ငံတော်အရန် ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီ (ဗဟို) ကို တရားဝင် အသိပေးအကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။                                                       
လမင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက် ထားခြင်း၊ စိစစ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များ အားဆောင်ရွက်လျက်ရှိရာလိုင်စင်လျှောက်ထားရာမှာ အခြေခံ အကျဆုံးဖြစ်တဲ့ ကုန်ပစ္စည်း အမည်များနှင့် ယူနစ် (Unit) သတ်မှတ်ချက်များအား အာဆီယံစည်းဝါးညီ အကောက်ခွန် နှုန်းအမည်ပေးစနစ် H.S Code (၂၀၀၇) ဖြင့် သတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို ဆောင်ရွက်တဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်း ရပ်များနဲ့ဆက်စပ်နေတဲ့ အကောက်ခွန်ဦးစီးဌာန၊ ဆိပ်ကမ်းစစ် ဆေးရေးနှင့် ဗဟိုစာရင်းအင်း အဖွဲ့တို့မှာ စာရင်းဇယားပြုစုသည့် ပုံစံ တစ်ပြေးညီဖြစ်သွားမှာဖြစ်ပြီး အသစ်ပြောင်းလဲမည့်  H.S Code (၂၀၁၂) စနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ပြောင်းလဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ H.S Code (၂၀၁၂)စနစ်တွင် ကုန်ပစ္စည်းအမယ်များ၏  Unit Code အမျိုးအစား ၁၂ မျိုးသာရှိပြီးတော့ သက်ဆိုင်ရာ H.Sလိုင်းအလိုက် Unit Code စံသတ်မှတ်ထားရှိပြီးဖြစ်တဲ့ အတွက် လုပ်ငန်းရှင်များဟာ ပြည်ပကုမ္ပဏီများနှင့် ကုန်ပစ္စည်း အရောင်းအဝယ် ဆောင်ရွက် သည့် Invoice,Sale Contract  ဆောင်ရွက်ရာမှာလည်းကောင်း၊ လိုင်စင်လျှောက်ထားရာမှာ လည်းကောင်း  အဆိုပါ H.S Code စံသတ်မှတ်ချက်အတိုင်း လျှောက်ထားရမှာဖြစ်ပါတယ်။ HS Code သည် Custom ဆိုင်ရာ ကုန်ပစ္စည်းအမျိုးအစား ခွဲခြားမှုသာမက Trade Statistics, Trade Negotiation များ ပြုလုပ်ရာတွင် အသုံးပြုလျက်ရှိပြီး၊ Standard Unit Code ၁၂ ခုရှိပါတယ်။ဥပမာ အလေးချိန်နှင့်ပတ်သက်လျှင် ကီလိုဂရမ်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး ခြွင်းချက်အနေဖြင့် ကျောက်မျက်များနှင့် ပတ်သက်ပါက ကာရက်ကို အသုံးပြုရမည်ဖြစ်ပါတယ်။ အရှည်ကို တိုင်းတာမည်ဆိုပါက မီတာကို အသုံးပြုရမည် ဖြစ်ပါတယ်။လက်ရှိအသုံးပြုနေတဲ့ HS Code 2007 နဲ့ အသစ်ပြောင်းလဲ ဆောင်ရွက်သွားမယ့် HS Code 2012 မှာ သုံးစွဲမယ့် Unit Code ခြားနားမှုတွေကတော့ တစ်ဖက်ပါအတိုင်းဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ အဆင်ပြေစေဖို့ အတွက် ဌာနဘက်က HS Code စတင်ပြောင်းလဲ အသုံးပြုတဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေစေဖို့ လုပ်ငန်းရှင်များအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်လျှောက်ထားမဲ့ ပစ္စည်းတစ်ခုရဲ့ unit code တစ်ခုကို HS 2012 မှာ ကြိုတင်လေ့လာထားပြီး Invoice, Sale Contract တို့မှာ အဲဒီ unit code အတိုင်းဖြစ်အောင် လျှောက် ထားရပါမယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ကတော့  ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ အခြားဌာနများနဲ့ သာမက နိုင်ငံတကာနဲ့ပါ တစ်ပြေးညီဖြစ်ဖို့အတွက် စံသတ်မှတ်ထားတဲ့ Unit Code များကို သာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးပိုင်းမှာပါ အသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒါဟာ မိမိတို့နိုင်ငံ တစ်ခုတည်းက သီးခြားဆောင်ရွက်တဲ့ စနစ်မဟုတ်ဘဲ အာဆီယံနိုင်ငံ များနဲ့ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးမှာ စံတစ်ခုအဖြစ် လက်ခံကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ အတွက် ပြည်ပနိုင်ငံများနဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်နေတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေနဲ့ ပါဝင်လိုက်ပါဆောင်ရွက်သွားနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

နိုင်ငံတော်၏ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို ဦးစားပေးသည့်အနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ရေချို ရေငန်ရေထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်း များမှအပ)စသည့် ပို့ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးနှင့် ပုဂ္ဂလိကဆိုင်ရာ သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သည့် တန်ဖိုးမြင့်ပစ္စည်းများ၏ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်း ခွန်အား ၂၀၁၁ ခုနှစ် သြဂုတ်လမှစ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ကင်းလွတ်ခွင့်ပြုခဲ့ ပါသည်။
ယခုအခါ ယင်းကဲ့သို့ ကုန်သွယ်ရေးလုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကို ဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ် ၁၄ ရက်အထိ ခြောက်လ ဆက်လက်အကျိုးသက် ရောက်စေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါသည်။
ထို့အပြင် ပုဂ္ဂလိက လက်ခစားလုပ်ငန်း (CMP) စနစ်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများမှ နိုင်ငံခြား ငွေရရှိမှုအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ပေါ့သက်သာခွင့် ကိုလည်း  ၂၀၁၁ ခုနှစ် သြဂုတ်လမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အထိ ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား ယခုအခါဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်အထိ ခြောက်လဆက်လက် အကျိုးသက်ရောက်စေ ကြောင်း အမိန့်ကြော်ငြာစာ ကိုလည်း ထုတ်ပြန်လိုက်ပါသည်။
သို့ဖြစ်ရာ အဆိုပါပြည်ပပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ရေးနှင့် (CMP) လက်ခစားစနစ် ပိုမိုအောင်မြင် စွာဆောင်ရွက်စေရေး တို့အတွက် ထိရောက်စွာပံ့ပိုးပေးသည့် သတင်းကောင်းဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်း ရှင်များ အားထည့် ဆောင်ရွက်နိုင်ရေး အတွက် အသိပေးလိုက်ပါသည်။       
ဒေါက်တာခင်ဦးမေ

ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ ပို့ကုန်သွင်းကုန်  ကုမ္ပဏီမဟုတ်သော်လည်း ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ကြိုတင်ခွန်များ နိုင်ငံတော်သို့ ပေးဆောင်ထားသော ကုမ္ပဏီများအနေဖြင့် မော်တော် ယာဉ်တင်သွင်းခွင့် လျှောက်ထား ရာတွင်   စိစစ်သွားမည့်အချက်များအား သက်ဆိုင်ရာဌာနမှ  ထုတ်ပြန်ခဲ့သည်ကို  ဖော်ပြလိုက်ပါသည်-
၁။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ကုမ္ပဏီလုပ်ငန်းရှင်များအတွက်  မော် တော်ယာဉ်တင်သွင်း   ခွင့်ကို အောက်ပါအတိုင်း ခွင့်ပြုသွားမည်ဖြစ်ပါသည်-
(က)    ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်အထက်  တင်ပို့ထားသည့်ကုမ္ပဏီများ။
(ခ)    သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် တင်သွင်းထားသည့် ကုမ္ပဏီများ။
(ဂ)    ပို့ကုန်/သွင်းကုန် (Trading Company) မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေခွန်  (သို့မဟုတ်) ကုန်သွယ်ခွန် (သို့မဟုတ်) ကြိုတင်ခွန်အနည်းဆုံး ကျပ် ၁၅သိန်း ပေးဆောင်ထားသော  သက်တမ်းအနည်းဆုံး တစ်နှစ်ရှိကုမ္ပဏီများ။
၂၊    ထုတ်ပြန်ထားသည့် ပို့ကုန်/သွင်းကုန်ကုမ္ပဏီစာရင်းတွင် မပါဝင်သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ဒေါ်လာတစ်သိန်း၊ သွင်းကုန်ဒေါ်လာ ငါးသိန်းတင်ပို့တင်သွင်းပြီးကြောင်း လိုင်စင်၊ ED၊ ID တို့နှင့် တင်ပြ လျှောက်ထားလာပါက တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက ပို့ကုန်/သွင်းကုန်စာရင်းတွင်ပါရှိသော ကုမ္ပဏီများနည်းတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၃။    သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်း များနှင့်အတူ ပူးတွဲတင်ပြ၍ လျှောက်ထားရန်ဖြစ်ပါသည်-
(က)    ကုမ္ပဏီ Letter Head ပါရှိသော လျှောက်လွှာနှင့်အတူ ကုမ္ပဏီ၏ တာဝန်ရှိသူမှ လက်မှတ်ရေးထိုးလျှောက်ထားရ မည်ဖြစ်ပြီး Sale Contract  နှင့် Invoice ကို သွင်း ကုန်လိုင်စင် လျှောက်ထားချိန်မှသာ တင်ပြရမည်။
(ခ)    လျှောက်ထားသည့်ကုမ္ပဏီ၏  ဘဏ်လက်ကျန်ငွေ တစ်ဝက်တန်ဖိုးထက်   မများ သော မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုမည်ဖြစ်၍ ဘဏ်စာအုပ်မိတ္တူ တင်ပြ ရမည်ဖြစ်ပြီးမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်။
(ဂ)    ကုမ္ပဏီ၏ မှတ်ပုံတင်သက်တမ်း၊  ပို့ကုန်^သွင်းကုန်ကုမ္ပဏီများဖြစ်ပါကထုတ်ကုန်/သွင်းကုန် မှတ်ပုံတင်သက်တမ်း ရှိရမည်ဖြစ်ပြီး  မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ပို့ကုန်/သွင်းကုန်မှတ်ပုံတင်မိတ္တူ နှင့် ပုံစံ (၆)/(၂၆)မိတ္တူများ တင်ပြရမည်။
(ဃ)    လျှောက်ထားသည့်ကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်ကြောင်း ထုတ်ပေးထားသည့်ကိုယ်စား လှယ်ကတ်မိတ္တူနှင့်  အတူ လျှောက်ထားသူက  တင်ပြရမည်။

    ဥ‌ရောပသမဂ္ဂ၏ စားနပ်ရိက္ခာဖူလုံမှု ဦးစားပေးအစီအစဉ်အထောက်အပံ့ဖြင့် မဟာမဲခေါင်ဒေသခွဲအတွင်း ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အား ကူညီပံ့ပိုး သည့် အနေဖြင့် နည်းပညာအကူအညီသင်တန်းများပေးလျှက်ရှိပါသည်။ EC-FAO Food Security Programme သည် ဒေသဆိုင်ရာ ပရောဂျက်ဖြစ်သော စားနပ်ရိက္ခာဖူ လုံမှုတိုးတက်ကောင်းမွန်ရေးအတွက် သတင်းအချက်အလက်ဖလှယ်၍ သင့်လျော် သော ဆုံးဖြတ်ချက်ချမှတ်ခြင်း (Linking Information and Decision Making to Improve Food Security )နှင့် ပတ်သက်ပြီး ဈေးကွက်သတင်း သုံးသပ်ခြင်းသင်တန်း (Market Analysis Training Course) ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI)၊ သင်တန်းခန်းမ ၌ ၂၄.၁.၂၀၁၂ မှ ၂၇.၁.၂၀၁၂ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ဦးစိုးဝင်း- အထွေထွေမန်နေဂျာ၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး Mr.Tiago S.W မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြေားကြားခဲ့ပါသည်။ သင်တန်းတွင် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ထမ်း (၈)ဦး၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ (၅)ဦး၊ RUMFCCI မှ (၃)ဦး၊ WFP မှ (၃)ဦး၊ Trade Myanmar မှ (၂)ဦး စုစုပေါင်း သင်တန်းသား (၂၁)ဦး တက်ရောက် ခဲ့ပါသည်။

ဈေးကွက်သတင်းနှင့် စပ်လျဉ်း၍ နည်းပညာအထောက်အကူပေးရေး မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ကမ်းလှမ်းအဆိုပြုမှုအပေါ် ဈေးကွက် သတင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr.Tiago S.W မှ သင်တန်းပို့ချပေးခဲ့ ပါသည်။

ဈေးကွက်သတင်းသုံးသပ်ခြင်းနှင့် စပ်လျဉ်းပြီး ဈေးကွက်သတင်းသုံးသပ်ရမည့် အဓိကအချက်များ၊ အခြေခံသဘောတရား များနှင့် မှုဘောင်များ၊ သုံးသပ်မှုပြုလုပ်ရာ တွင် အသုံးပြုရမည့် အချက်များ အဓိကဖော်ထုတ်ချက်များ ဖြစ်ပေါ်သော အချက် များကို သိရှိနားလည်သဘောပေါက်ရန် ရည်ရွယ်ပို့ချခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းတွင် ဘာသာရပ်ပို့ချခြင်းသာမက၊ အမှုတွဲများလေ့လာခြင်း၊ အုပ်စု လိုက်ဆွေးနွေးခြင်းနှင့် လက်တွေ့သင်ခန်းစာ များ ပြုလုပ်စေသည့် နည်းဖြင့် ပို့ချခဲ့ပါ သည်။

ဈေးကွက်သတင်းအချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ စားသုံးသူလက်ဝယ်ထိ ထုတ်လုပ်မှု၊ ဝယ်လို အား၊ ရောင်းလိုအား၊ ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများ အချိန်နှင့် တပြေးညီရယူဖြန့်ဝေပေးနိုင်ရန်၊ စိုက်ပျိုးထုတ် လုပ်မှု များ၊ ရောင်းဝယ်လိုအား၊ ဝယ်လိုအားများကို သုံးသပ်ခြင်း၊ ဈေးနှုန်းတက်/ကျ ပြောင်းလဲမှုသုံး သပ်ခြင်း၊ ဈေးကွက် အလား  အလာနှင့် ရှေ့မျှော်မှန်းချက်များသုံးသပ်ခြင်း၊ ပြည်ပဈေး ကွက် ပြည်တွင်းဈေးကွက် သတင်းအချက် အလက်များ သုံး သပ်ခြင်း၊ ရိက္ခာဖူလုံမှုနှင့် ဈေးကွက်သုံးသပ်ချက်များ၊ ထုတ်လုပ်သည်မှစားသုံးသည်ထိ Supply Chain သုတေ သနပြုလေ့လာသုံးသပ်ခြင်းများ နားလည်စေရန် ပို့ချခဲ့ပါသည်။ သင်သန်းသားများ သည် မိမိနိုင်ငံရှိ သီးနှံများနှင့် ပတ်သက် ၍ ဈေးနှုန်းပြောင်းလဲမှုအခြေအနေများ အပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းသားများသည် မိမိနိုင်ငံရှိ သီးနှံများနှင့်ပတ်သက်၍ ဈေးနှုန်းပြောင်းလဲမှု အခြေအနေများကို ကွန်ပျူတာအသုံးပြု၍ စာရင်းဇယား၊ ဂရပ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းမှာ ၄ ရက်ကြာမြင့်ပြီး သင်တန်းဆရာမှ သင်တန်း ဆင်းလက်မှတ်များပေးအပ်ကာ RUMFCCI နှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး တာဝန်ရှိသူတို့မှလည်း သင်တန်းဆရာအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။

yyw(MAPT)

Pages

Subscribe to နောက်ဆုံးရ သတင်း