နောက်ဆုံးရ သတင်း

Date : 31 July 2012

ဇူလိုင်လ (၄) ရက်နေ့မှစ၍ တစ်ကျပ်သားလျှင် ကျပ် (၇) သိန်းအထက် ရောက်ရှိလာသော ပြည်တွင်း ရွှေဈေးနှုန်းများသည် ဇူလိုင်လ (၃၁) ရက်နေ့တွင် ၇၃၇၅၀၀ ကျပ်အထိ ရောက်ရှိလာသည်။ ယင်းဈေးနှုန်းသည် ၂၀၁၂ ခုနှစ် ၊ မတ်လ (၁၃) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။ ပြည်တွင်းရွှေဈေး မြင့်မားခြင်းမှာ ဝယ်လိုအားမြင့်မားခြင်းကြောင့် မဟုတ်ကြောင်း ၊ ကမ္ဘာ့ရွှေဈေးနှုန်း များ တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာအထက်အထိ ရောက်ရှိလာခြင်းနှင့် ပြည်တွင်းငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၈၇၅ ကျပ်ဝန်းကျင်တွင် ရှိနေခြင်းတို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ (၄) လကျော်ကာလ အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်း ပြည်တွင်းရွှေဈေးမြင့်မား လာသဖြင့် ဈေးကွက်အတွင်း ရွှေကိုပြန်လည်ရောင်းချသူ ပိုများလာသည်ဟုလည်း သိရသည်။

Source : ဗဟိုဘဏ် ၊ goldprice.org

pa pa

Date : 31 July 2012

အမေရိကန်ဗဟိုဘဏ်နှင့် အီးယူဒေသ ဗဟိုဘဏ်များအနေဖြင့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ ချမှတ်ဆောင်ရွက်သွားလိမ့်မည်ဟု ခိုင်ခိုင်မာမာ ခန့်မှန်းလာကြခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားလာ ခြင်းတို့ကြောင့် ဇူလိုင်လ (၃၁) ရက်နေ့ သဘာဝရာဘာဈေးနှုန်းများသည် ယခင်သီတင်းပတ် ဈေးနှုန်းများနှင့် ယှဉ်လျှင် အနည်းငယ်မြင့်မားလာသည်။ ကမ္ဘာ့ရာဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်သည့် ထိုင်း ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် မိုးရာသီဖြစ်နေသောကြောင့် ရာဘာစေးခြစ်ယူရရှိမှု အားနည်းနေခြင်းက လည်း ရာဘာရောင်းလိုအားကို လျော့နည်းစေကာ ဈေးနှုန်း ကို အထောက်အပံ့ပေးလျက်ရှိသည်။ ထို့ကြောင့် ဇူလိုင်လ (၂၄) ရက်နေ့က တစ်တန်လျှင် ၃၀၀၆ ဒေါ်လာရှိနေ သော ထိုင်းရာဘာ RSS-5 (မှိုင်းခံရာဘာ အဆင့် - ၅) သည် ဇူလိုင်လ (၃၁) ရက်နေ့တွင် ၃၀၂၃ ဒေါ်လာအထိ ရောက်ရှိလာသည်။

မလေးရှားရာဘာ (Standard Malaysia Rubber – SMR 20) သည်လည်း တစ်တန်လျှင် ကန်ဒေါ်လာ ၂၇၉၄.၅၀ ဒေါ်လာမှ ၂၈၀၆ ဒေါ်လာအထိ ရောက်ရှိလာသည်။ ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ကြောင့် ကားထုတ်လုပ်သူများမှ တာယာထုတ်လုပ်ရန် ရာဘာကိုဝယ်လိုအားနည်းသော်လည်း ရာဘာအိတ် ပြုလုပ်သူများအနေဖြင့် အကျိုးအမြတ်များစွာရနေသဖြင့် ရာဘာဝယ်လိုအား များနေကြောင်း လက်ရှိသဘာ၀ ရာဘာဝယ်လိုအားနှင့် ရောင်းလိုအားမှာ ညီမျှနေကြောင်း သတင်းရရှိသည်။

 

Source : IRCO , rubberboard.org.in

pa pa

 


Date : 29 July 2012

အိန္ဒိယတွင် မုတ်သုန်မိုးရရှိမှု နောက်ကျနေသဖြင့် လက်ရှိစပါးစိုက်ပျိုးပြီးစီးမှု ဧရိယာသည် ယခင်နှစ် နှင့် ယှဉ်လျှင် ၉ ရာခိုင်နှုန်း လျော့နည်းလျက်ရှိသည်ဟု သိရသည်။ သို့သော် အိန္ဒိယတွင် ဆန်တန်ချိန်များစွာ သိုလှောင် ထားရှိသဖြင့် ပြည်တွင်းစားသုံးမှုအတွက် စိုးရိမ်စရာမလိုသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့မှုကိုလည်း ပိတ်ပင်သွားမည်မဟုတ်ဟု သက်ဆိုင်ရာ အရာထမ်းများက ပြောကြားထားသည်။ မည်သို့ပင်ဆိုစေကာမူ ဈေးကွက်လေ့လာသူများက အစိုးရအနေဖြင့် ပြည်ပသို့ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကို ပြန်လည် ပိတ်ပင်သွားနိုင်သည်ဟု ယူဆလာကြသဖြင့် အိန္ဒိယဆန်ဈေးအနည်းငယ် ဦးမော့လာသည်။ ဇူလိုင်လ (၂၄) ရက်နေ့က တစ်တန်လျှင် ၃၈၀ ဒေါ်လာသာရှိနေသော အိန္ဒိယဆန်ဖြူ ၂၅ မှတ်ဆန်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် တစ်တန်လျှင် ၃၉၀ ဒေါ်လာအထိ ၁၀ ဒေါ်လာဈေးမြင့်လာသည်ကို သုံးသပ်တွေ့ရှိရသည်။ ဆန်ဈေးမြင့်လာသော်လည်း ထိုင်းဆန်ဈေးထက် များစွာလျော့နည်းနေခြင်း ၊ ရူပီးငွေတန်ဖိုးကျဆင်းနေခြင်းတို့ ကြောင့် ပြည်ပသို့ဆန်တင်ပို့မှု တိုးတက်လိမ့်ဦးမည်ဟု သုံးသပ်ကြသည်။

နိုင်ငံတကာကောက်ပဲသီးနှံကောင်စီ (IGC) မှ နောက်ဆုံးထုတ်ဝေသော အစီရင်ခံစာတွင် ၂၀၁၂ ခုနှစ်အတွက် အိန္ဒိယ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၇ သန်းအထိ ရောက်ရှိနိုင်မည်ဟု ဖော်ပြထားသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) ကမူ အိန္ဒိယ၏ ဆန်တင်ပို့မှုကို တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်ဟု ခန့် မှန်းထားသည်။

Source : Brecorder.com, riceonline.com

pa pa

Date : 29 July 2012

ကမ္ဘာ့ဒုတိယမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ၂၀၁၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇.၂ သန်းအထိ ရောက်ရှိစံချိန်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်လည်း တန်ချိန် ၇ သန်းမှ ၇.၃ သန်း အကြား တင်ပို့နိုင်ဖွယ်ရှိသည်ဟု အစိုးရက ခန့်မှန်းထားသည်။ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်လျှင် အနည်းဆုံးဆန်တန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့သွားရန် ရည်မှန်းထားကြောင်း ၊ မဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်စိတ်တစ်ဒေသအဖြစ် ယင်းသို့ ဆန်တင်ပို့ရန် ရည်မှန်းချက် ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Tan Dung က ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြပါရှိလာသည်ဟု သိရသည်။

အဆိုပါ ညွှန်ကြားချက်သည် မဲခေါင်မြစ်ဝှမ်းဒေသ တစ်ခုတည်းအတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတွက်မူ မရည်ရွယ်ကြောင်း သိရသည်။ ဗီယက်နမ်မဲခေါင်မြစ်ဝှမ်းဒေသသည် နိုင်ငံစုစုပေါင်း ဆန်တင်ပို့မှု၏ ၉၀% ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၊ စပါးစိုက်ပျိုးရန် ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း ဟက်တာပေါင်း ၁.၈ သန်း~၁.၈၅ သန်း ဝန်းကျင် (ဧကပေါင်း ၄.၄၅ သန်း ~ ၄.၅၇ သန်း) ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း ၊ ယင်းဒေသတွင် မြို့ပြတည်ဆောက်မှုချဲ့ထွင်ခြင်းများ အရှိန်အဟုန်မြင့်လာသည့်တိုင်အောင် စပါးစိုက်ပျိုးမြေများ စွာ ချန်လှပ်ထားခြင်းမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှု တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

Source : Brecorder.com

pa pa

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်/ပါမစ်ကြေးအပါအဝင် ငွေစာရင်းခေါင်းစဉ် (၆)မျိုးအား e-payment စနစ်ဖြင့် ပေးဆောင်လျက်ရှိပြီး Online Application  ဝန်ဆောင်ခကို ငွေသားဖြင့်ပေးဆောင်စေလျက်ရှိပါသည်။ လိုင်စင်စနစ်လုပ်ငန်းစဉ် ပိုမိုလျင်မြန်လွယ်ကူ စေရေးအတွက် Online Application ဝန်ဆောင်ခအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ e-payment စနစ်ဖြင့် ပေးသွင်းစေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ၎င်းနေ့ရက်မတိုင်မီ e-payment Account မရှိသေးသည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသားများဘဏ်တွင် e-payment Account ဖွင့်လှစ်ထားနိုင်ရေးအား အသိပေးကြေညာ ထားကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း