နောက်ဆုံးရ သတင်း

နေပြည်တော် ၊ စက်တင်ဘာလ ၂၉

ကားဟောင်းအပ်၍ ကားသစ်တင်သွင်းခွင့်ပြုသည့် အစီအစဉ်အရ ကားတင်သွင်းမည့်သူများအနေဖြင့် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကားပါမစ် များ နေ့စဉ်လာရောက်လျှောက်ထား ထုတ်ယူလျက်ရှိကြသည်။ စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ စက်တင်ဘာ လ ၂၈ ရက်နေ့အထိ ကာလအတွင်း ကားပါမစ်စုစုပေါင်း (၃၃၇) စောင် ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထုတ်ပေးပြီးခဲ့သည့် ပါမစ် (၃၃၇) စောင်တွင် Saloon/Van/ Hatchback အုပ်စုတွင် ပါဝင်သော ကားပါမစ် (၂၀၂) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။

နေပြည်တော် ၊ စက်တင်ဘာလ ၂၈

     သက်တမ်းလွန် မော်တော်ယာဉ်များအတွက် သွင်းကုန်ပါမစ်များ ထုတ်ပေးခြင်းကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် One Stop Services အဖွဲ့မှ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့ (၂) ရက်အတွင်း ကားအစီးရေ စုစုပေါင်း (၂၂၇) စီးအတွက် ပါမစ် (၂၂၇) စောင် ထုတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။

      ယင်း ၂၂၇ စီးမှာ Saloon/Van အုပ်စုပါ Toyota ၊ Nissan ၊ Honda Brand များမှ (၁၃၈) စီး နှင့် Wagon အုပ်စုပါ Toyota ၊ Mitsubishi ၊ Nissan ၊ Honda Brand များမှ (၈၉) စီး အသီးသီး ဖြစ်ပြီး ဂျပန်နိုင်ငံမှ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ကားပါမစ်များ စတင်ထုတ်ပေး သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကာလအတွင်း ကားပါမစ်စုစုပေါင်း (၂၅၄) စောင်ကို လျှောက်ထားလာသည့်နေ့များမှာပင် နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

            နေပြည်တော် ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကညန ၊ MFTB / MICB ၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပါဝင်သည့် One Stop Services အဖွဲ့သည် စက်တင်ဘာ လ (၁၉) ရက်နေ့မှစပြီး သက်တမ်းလွန် မော်တော်ယာဉ်များ အတွက် သွင်းကုန်ပါမစ်များကို ထုတ်ပေးနေပြီဖြစ်သည်။

            စက်တင်ဘာလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း ကားပါမစ် (၉) စောင်ကို ထုတ်ပေးခဲ့ပြီး ပါမစ်ထုတ်ပေးခဲ့သည့် ကားအမျိုးအစားများမှာ ဂျပန်မှ တင်သွင်းမည့် Saloon (၈) စီးနှင့် Wagon (၁)စီးဖြစ်ကြောင်း နှင့် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပါမစ် (၁၈) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိပါသည်။

ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် အနည်းငယ်မြင့်လာခဲ့ပါတယ်။ ပဲကြီး (ကမ်းနား)တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) ကတော့ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း ပဲသိုလှောင်ထားသူများကဈေးကောင်းစောင့်နေတဲ့ အတွက် ထုတ်မရောင်းချသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ပဲကြီးဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း) အရောင်းအဝယ်မဖြစ် သလောက်ဖြစ်ပြီး ပဲကြီး(ကမ်းနား)သာ နေ့စဉ်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊အလတ်စမှာ
တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စအမျိုးအစားမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါ တယ်။ပဲတီစိမ်းဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမားများမှလည်း နေ့စဉ်အဝင်မရှိပဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ တစ်ရက် အိတ် ၃၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း - ပြည်

Pages

Subscribe to နောက်ဆုံးရ သတင်း