နောက်ဆုံးရ သတင်း

နေပြည်တော်၊ ၂၆ ဒီဇင်ဘာ

      

     ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ- တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုခဲ့ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါ အချက်အလက် အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး ၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့် လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ် တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် တွန်းအားပေးပါမည်။ ဤစီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ပါမည်။

     ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး(Gateway)အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     မြန်မာ-တရုတ်နှစ်ဘက်လုံးသည်စီမံကိန်းဆိုင်ရာကနဦးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ၂၀၂၂ခုနှစ်မှစတင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးမှု လုပ်ငန်း(PGTS)နှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)တို့ကို လုပ်ဆောင်ခဲ့ရုံသာမကကမ္ဘာပေါ်၌နာမည်ကျော်ကြားသော ကနေဒါနိုင်ငံအခြေစိုက် စီမံကိန်း စီမံခန့်ခွဲမှုကုမ္ပဏီHATCH အား စီမံကိန်းအတိုင်ပင်ခံအဖြစ် ခန့်အပ်ထားပြီး ၎င်း၏ အကူအညီဖြင့် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာ စစ်ဆေးမှု လုပ်ငန်း (PGTS)ကို ပြီးစီးပြီဖြစ်ရာ သက်ဆိုင်သည့် ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာနည်းပညာ အစီရင်ခံစာများသည် စီမံကိန်းနောက်ဆက်တွဲဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)သည် စီမံကိန်း၏အနာဂတ်တည်ဆောက်မှုနှင့် လည်ပတ်မှုလုပ်ငန်းစဥ်တို့ကြောင့်ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ရန်နှင့် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန် အစီအမံများ ချမှတ်ရေးအတွက် ရည်ရွယ်ပါသည်။ စီမံကိန်း ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအား တင်းတင်းကြပ်ကြပ်လိုက်နာပြီး နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်းအတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်း(ESIA)အတိုင်ပင်ခံကုမ္ပဏီအား ခန့်အပ် ထားခြင်းလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း(ESIA) အတိုင်ပင်ခံကုမ္ပဏီသည် ရေနက်ဆိပ်ကမ်း စီမံကိန်းဝန်းကျင်ရှိ သဘာဝပတ်၀န်းကျင်ဆိုင်ရာ အခြေခံအခြေအနေများကို သိရှိ နားလည်နိုင်စေရန် လေ့လာဆန်းစစ်ခြင်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် (public participation activities)များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ရယူခဲ့ကြပါသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA) သည်လည်းစီမံကိန်း၏ နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း အဆင့် လုပ်ငန်းများအားပြီးစီးပြီဖြစ်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) သည်မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက်အား ရရှိထားပြီးဖြစ်ပါသည်။ ESIA ၏နောက်ဆက်တွဲ လုပ်ငန်းများအား မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများနှင့်နိုင်ငံတကာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အား စိမ်းလန်း၍ခေတ်မီသောဆိပ်ကမ်းတစ်ခု ဖြစ်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ပါသည်။

     ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People၊ Prosperity၊ Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့် အခြေခံမူကြီး ၃ ချက် အပေါ်မှာ မူတည်ပြီး  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို တက်တက် ကြွကြွဆောင်ရွက်နေချိန်တွင် မြန်မာ-တရုတ် နှစ်ဘက်လုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက်မြှင့်တင်ပေးနိုင်ရန် အထူး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဖြူဒေသ၌ ကျေးလက်ရန်ပုံငွေ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးခြင်းစီမံကိန်း အစရှိသည့်လူမှုအကျိုးပြုစီမံကိန်း ၁၀ ခု ကျော်အား တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများ မှဒေသခံ ထောင်ပေါင်းများစွာအကျိုးခံစားခဲ့ရပါသည်။ စီမံကိန်း၏အနာဂတ်တည်ဆောက်ရေးနှင့်လည်ပတ်ရေးအဆင့်များတွင်လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြုမိတ်ဖက်အဖွဲ့အစည်းများအား ဆက်လက်၍ဖိတ်ခေါ်လက်တွဲကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ခြင်းစသည့် ပြည်သူများလိုအပ်နေသောနယ်ပယ်များတွင် အားထုတ်ဆောင်ရွက် သွားပါမည်။ စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏ ပထမ ၅နှစ်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင်ပြီး CSRနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပါမည်။ လူမှုအကျိုးပြု CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ‌ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်မှုကို ဖိတ်ခေါ်လိုပြီး  အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း သေချာစွာနားထောင်လိမ့်မည်။

      ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည်ဖြစ်ကာ  စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုကို မြန်မာနိုင်ငံသားများအား ခန့်အပ်လုပ်ကိုင်စေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို  အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်တဲ့အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သား တစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်      - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

                            မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲ

ဆက်သွယ်ရန်ဖုန်း - ၀၆၇၃၄၀၈၆၄၈

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန် အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိမ်နီးချင်းများဖြစ်ကြပြီး ရာစုနှစ်ပေါင်း များစွာကတည်းက အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိကြောင်း၊ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်ပေါင်း(၇၀)ကျော်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရေးလည်း ပိုမိုခိုင်မာလာခဲ့ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လည်း ပိုမိုတိုးတက်လာပါကြောင်း၊ ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမား သည့်နေရာတစ်ခု ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားစွာဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Shareholders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ပါ ကြောင်း၊ ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့မှာ သဘောတူလက်မှတ်ရေးထိုးရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကြီးမှ မြန်မာနိုင်ငံအတွက် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အကူပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မှာလည်း  ဖြစ်ကြောင်း၊ ကျောက်ဖြူစီမံကိန်းကြီးမှ တစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူး သက်သာစေမှာဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာ မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ် စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှု ဥယျာဉ်စီမံကိန်း စတင်အကောင်အထည် ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများ အကြား ကုန်သွယ်၊ စီးပွားဖွံ့ဖြိုးတိုးတက်၍  အေးချမ်းသာယာစွာဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ကြရန် ဆန္ဒပြုကြောင်းပြောကြားပါသည်။

         ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ဦး၊ CITIC Group ဥက္ကဋ္ဌ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံတို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ ကြပါသည်။

         ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ဦးကျော်ရွှေထွန်း နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ၊ Mr. Liang Chuanxin တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့် Mr. Liang Chuanxin တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ စီမံကိန်းဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှု နှင့် အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရ မည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင်ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထား သည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျရောက်သည့် မူပိုင်ခွင့်ဦးစီးဌာန၏ (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

   အဆိုပါအခမ်းအနားသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးကျော်ရွှေထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

   အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့်  မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ယခုနှစ် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ အာဏာတည်ခဲ့ပြီး အဆိုပါမူပိုင်ခွင့်လျှောက်လွှာများအား လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ် ပုံတင်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိဝန်ထမ်းများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ပြီး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေရန်နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးမှာလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အထောက်အပံ့ ဖြစ်စေမည့် ဦးစီးဌာနအဖြစ် ရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဦးစီး ဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary အား ပြသခြင်း၊ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျရောက်သည့် မူပိုင်ခွင့်ဦးစီးဌာန၏ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါအခမ်းအနားသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးကျော်ရွှေထွန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

   အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့်  မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ယခုနှစ် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ အာဏာတည်ခဲ့ပြီး အဆိုပါမူပိုင်ခွင့်လျှောက်လွှာများ အားလက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိဝန်ထမ်းများအတွက် လိုအပ်သောလူ့စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး ဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း စွမ်းရည်ပြည့်ဝသောဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရေးအတွက် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးမှာလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အထောက်အပံ့ ဖြစ်စေမည့် ဦးစီးဌာနအဖြစ် ရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဦးစီး ဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary အား ပြသခြင်း၊ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း