မိုက်ခရိုချစ်ပ်(chip) ပို့ကုန်များအပေါ် ထိန်းချုပ်ရေးအစီအမံများချမှတ်သည့် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားခြင်း

Tue, 12/20/2022 - 04:32 -- wtodep

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) Website ထုတ်ပြန်ချက်ကို ကိုးကားလျှက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား မိုက်ခရိုချစ်ပ် (chip) ပို့ကုန်အပေါ် ထိန်းချုပ်ရေးအစီအမံများချမှတ်ခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း (၁၃-၁၂-၂၀၂၂) ရက်နေ့ထုတ် Global Times သတင်းစာက ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့််နှစ်များအတွင်း အမေရိကန်နိုင်ငံသည် အမျိုးသားလုံခြုံရေးသဘောတရားကို အကြောင်း ပြလျက် မိုက်ခရိုချစ်ပ်များနှင့် အခြားထုတ်ကုန်များအပေါ် ပို့ကုန်ထိန်းချုပ်မှုအစီအမံများ ကျင့်သုံးခဲ့ခြင်းသည် ကုန်သွယ်ရေးတွင် အဟန့်အတားဖြစ်စေပြီး ကမ္ဘာ့စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်ဟု ဖော်ပြထားသည်။ အမေရိကန်နိုင်ငံမှ ယ္ခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ စီးပွားရေးရာ အကာအကွယ်ပေးသည့် ပုံမှန်လုပ်ရိုးလုပ်စဉ် နည်းလမ်းတစ်ခုဖြစ်ပြီး နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုကို အဟန့်တားဖြစ်စေကာ နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား တစ်ဖက်သတ်အမြတ်ရရှိရေးဆောင်ရွက်ခြင်း (zero-sum game) ကို စွန့်လွှတ်ရန်၊ အမှားများကို အချိန်မီပြုပြင်ရန်၊ မိုက်ခရိုချစ်ပ်ကဲ့သို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များ ကုန်သွယ်ခြင်းကို အနှောင့်အယှက်မပြုရန်နှင့် တရုတ်နှင့် အမေရိကန်နိုင်ငံအကြား စီးပွားရေးနှင့် အပြန်အလှန်ကုန်သွယ်မှုကို ရေရှည်ဆောင်ရွက်နိုင်ရေး အတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များကဲ့သို့ အရေးပါသော စက်မှုကုန်ပစ္စည်း များအတွက် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တိုက်တွန်းထားပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမေရိကန်အစိုးရက တရုတ်နိုင်ငံသို့ တင်ပို့သည့် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်စက်ကိရိယာများအသုံးပြု ထုတ်လုပ်ထားသော semiconductor မိုက်ခရိုချစ်ပ် ရောင်းချမှုအား တားမြစ်ခြင်းအပါအဝင် အခြားသော နည်းပညာဆိုင်ရာ ပို့ကုန်များအပေါ် ထိန်းချုပ်မှု အစီအမံများကို ကြေညာခဲ့ပါသည်။ အဆိုပါဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်အတွက် ထိခိုက်နစ်နာစေခဲ့သလို အမေရိကန်နိုင်ငံ၏ semiconductor ထုတ်လုပ်သူများအတွက်လည်း တန်ပြန်ဆိုးကျိုးသက်ရောက်စေခဲ့ပါသည်။

အမေရိကန်အနေဖြင့် semiconductor ကုမ္ပဏီများမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကို လုံးဝပိတ်ပင်လိုက်ပါက ၂၀၂၅ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီများ၏ ကမ္ဘာ့စျေးကွက် ဝေစုတွင်     ၁၈ % နှင့် နိုင်ငံ၀င်ငွေ၏ ၃၇ % ကို ဆုံးရှုံးနိုင်ကြောင်း၊ တရုတ်နှင့်ဆက်စပ်သော အမေရိကန် နည်းပညာပိုင်းတွင် လုံးဝပြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဝင်ငွေတရှိန်ထိုးကျဆင်းမှုကြောင့်  အမေရိကန် semiconductor ကုမ္ပဏီများမှ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ ငွေလုံးငွေရင်းအသုံးစရိတ်များ လုံးဝလျှော့ချရမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင် လုပ်သား အလုပ်အကိုင် ၁၅,၀၀၀ မှ ၄၀,၀၀၀ အထိ ဆုံးရှုံးနိုင်ကြောင်းတို့ကို Boston Consulting Group ၏ အစီရင်ခံစာအရ သိရှိရပါသည်။

Source: https://www.globaltimes.cn/page/202212/1281734.shtml

International Trade News

Pages