ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြု

Thu, 05/16/2019 - 07:34 -- admin_ygn

           ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
          မြန်မာနိုင်ငံက ထွက်ရှိသော သီးနှံများနှင့် ပတ် သက်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့်မပြုသော ပစ္စည်း ၁၅ မျိုးနှင့် ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့် မပြုသော ပစ္စည်း ၁၄ မျိုးတို့ကို ကုန်သွယ်ရေးဦးစီးဌာန က သတ်မှတ်ထုတ်ပြန်ထားခဲ့သော်လည်း ပြည်တွင်း စားသုံးမှု လိုအပ်ချက်အရဟုဆိုကာ ယခု ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၉ ရက်က အချို့သော ရာသီကာလအတွင်း ပြည် တွင်း၌ ထွက်ရှိမှု မရှိသည့် သီးနှံများကို နယ်စပ်ဒေသ များမှ တစ်ဆင့် တင်သွင်းခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေး မှူး ဦးကျော်သူက မေ ၈ ရက်တွင် ပြောသည်။"ဟင်းသီးဟင်းရွက် အစိမ်းကအစ နိုင်ငံခြားက ဝင်တယ်။ ပြီးတော့ တန်ဖိုးမြင့်တွေကျလည်း ဝင်တယ်ဆိုတော့ ပြည်တွင်းက လူတွေလုပ်ကိုင်ဖို့က နည်းနည်း တော့ ခက်လာတဲ့ သဘောပေါ့။ ပြည်တွင်းက ထွက်နေ တဲ့ သီးနှံတွေဆိုရင် ရာသီအလိုက် ပေးမသွင်းတဲ့ နည်း လမ်းတွေကတော့ ကောင်းပါတယ်။ တချို့ဟာတွေ လည်း တခြားတိုင်းပြည်က သူတို့ဆီကလည်း မထွက်ဘဲ နဲ့ သူတို့ဟာပါဆိုတာမျိုးဆိုရင်တော့ ပေးမသွင်းဖို့ လို တယ်"ဟု ဦးကျော်သူက ပြောသည်။ လက်ရှိတွင် သီးနှံ အမျိုးပေါင်း ၂၀ ကို ခွင့်ပြုခဲ့ရာ ပန်းသီး၊ သစ်တော် သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်းကျည်းချိုသီး၊ စွန်ပလွံသီးတို့ကို နယ်စပ် စခန်း အားလုံးမှ ရာသီမရွေး တင်သွင်းခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။
           ပျားလိမ္မော်သီးကို မတ်လမှ စက်တင်ဘာလ အထိ၊ ဒူးရင်းသီးကို စက်တင်ဘာလမှ ဧပြီလ အထိ၊ တည်သီး၊ သလဲသီးကို ရာသီမရွေး၊ နဂါးမောက်သီးကို ဒီဇင်ဘာလမှ မေလအထိ၊ ဆန်းကစ်သီးကို ဖေဖော် ဝါရီလမှ စက်တင်ဘာလအထိ၊ ခြင်းလိမ္မော်သီး (လိမ္မော်သီး အသေး)ကို တစ်နှစ်ပတ်လုံး၊ လောင်ဂန် သီးနှင့်ရေငန်သီးများကို တစ်နှစ်ပတ်လုံး၊ မင်းကွတ်သီး ကို ဇန်နဝါရီလမှ မတ်လအထိ၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိနှင့် ပိန္နဲသီးကို ဇန်နဝါရီလမှ ဖေဖော် ဝါရီလထိ နယ်စပ်စခန်း အားလုံးမှ တင်သွင်းခွင့်ပြုခဲ့ ကြောင်း ၎င်းင်းက ပြောသည်။ ထို့ပြင် ကြက်မောက်သီးကို တာချီလိတ်စခန်းမှ တစ်နှစ်ပတ်လုံး၊ စက်တင်ဘာလမှ မတ်လကုန်အထိ မြဝတီစခန်းမှ လည်းကောင်း၊ မင်းကွတ်သီးကို တာချီ လိတ်စခန်းမှ ရာသီမရွေး၊ သံပရိုသီးကို တာချီလိတ် စခန်းမှ တစ်နှစ်ပတ်လုံး၊ ဒီဇင်ဘာ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျန်စခန်းများမှ လည်းကောင်း၊ သရက်သီးကို တာချီ လိတ်စခန်းမှ တစ်နှစ်ပတ်လုံး၊ အောက်တိုဘာလမှ ဧပြီလအထိ ကျန်စခန်းများမှ လည်းကောင်း အသီးသီး ဖြေလျှော့၍ တင်သွင်း ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းသီးနှံ များ ပြည်ပမှ တင်သွင်းခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ပြီး၊ သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့် အတူ သွင်းကုန်လိုင်စင် လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု

Border Trade News

Pages