ဖရဲ၊ သခွားမွှေး သစ်သီးကုန်များ စျေးကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း တရုတ်ဘက်က ဝယ်လိုအား ကျဆင်း

Mon, 11/25/2019 - 04:38 -- admin_ygn

     မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည် နှစ်စဉ်ပုံမှန်အားဖြင့် ဒီဇင်ဘာလမှ ဇန်နဝါရီ လအထိ တရုတ်နှစ်ကူးအချိန် များအတွင်း ဝယ်လိုအားအကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

     မြန်မာ့စိုက်ပျိုးရေး ပို့ကုန်များတွင် အရေးကြီးပို့ကုန်တစ်မျိုးဖြစ်သော ဖရဲသီး စိုက်ပျိုးထုတ်လုပ်တင်ပို့မှုတွင်  ဈေးကွက်ရရှိရန် ပြည်ပပို့ကုန် အရည် အသွေးမီ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ် လျက်ရှိကြောင်း သိရသည်။ ယင်းအခြေအနေနှင့် ပတ်သက် ၍ မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံ၏ ဖရဲသီးစားသုံးမှုနှင့် ဝယ်လိုအား နည်းပါးသောကာလတွင် အရည်အသွေးမစိစစ်ဘဲ တင်ပို့နေခြင်းကြောင့် မလိုအပ်ဘဲဈေးကွက်အတွင်း စုပြုံဝင် ရောက်နေသည်ကို တွေ့ရှိရကြောင်း၊  အရည်အသွေးစံချိန်မမီသော ဖရဲသီး အများစုသည်    သယ်ယူပို့ဆောင်မှု စရိတ် ပင်မရဘဲ ထပ်မံဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြောင်း နိုဝင်ဘာ ၁၀ ရက် က သစ်သီဝလံကုန်စည်ဒိုင်က သဘော ထား ထုတ်ပြန်ခဲ့သည်။

     သစ်သီးကုန်ကားတွေ သွားလာတင်ပို့နေတဲ့နေရာမှာ လမ်းကြောင်းအတွင်း အန္တရာယ်ကင်းကင်းနဲ့ရှိနေဖို့ လည်း လိုအပ်တယ်။ ဟိုဘက်၊ ဒီဘက် တည်ငြိမ်ဖို့လည်းလိုတယ်ဟု ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ပြောဆိုသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်ပြည်ဘက်က ကျင့်စန်းကျော့ဂိတ်ကို ပိတ်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည် အတွက်  ပြည်တွင်းမှ ဖရဲသီးကုန်ကားများ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကားတစ်ထောင်ကျော် ပိတ်မိခဲ့သော အခြေအနေ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

 

မိုမို

Border Trade News

Pages