ပြည်ပသို့ ဆန်တင်ပို့ရန် ကြိုးပမ်းချက်နှင့် မျှော်မှန်းချက်

Mon, 11/25/2019 - 04:32 -- admin_ygn

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တောင်သူလယ်သမားကြီးများ သည် မိမိစိတ်ကြိုက်စပါးများ ပိုမိုထွက်ရှိအောင် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ဆန်စပါးရောင်းဝယ်ရေးမှာ သင့်တင့် မျှတတဲ့ ဈေးနှုန်းရရှိရေး၊ ပြည်တွင်း စားသုံးမှုမှပိုလျှံသောဆန်များကို ပြည်ပသို့လွတ်လပ်စွာ ပိုမို တင်ပို့ရောင်းချ နိုင်ရေးများပဲ ဖြစ်ပါတယ်။ ဆန်စပါးမူဝါဒ ပြောင်းလဲပြီးနောက်ပိုင်းတွင် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ တစ်စတစ်စ တိုးမြင့်လာခဲ့ပါ တယ်။ နှစ်စဉ် ဆန်တန်ချိန်နှစ်သန်းကျော်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့တာဟာ ယနေ့အထိပါပဲ။ ၂၀၁၈ ခုနှစ်၊ ဆန် ပြည်ပတင်ပို့မှုကို ကြည့်ရင် ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်မှုရှိနေပြီး တန်ချိန် ၁ ဒသမ ၇၅ သန်းကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါ တယ်။ ဆန်နှင့်ဆန်ကွဲတင်ပို့တဲ့နိုင်ငံဟာလဲ မူလနိုင်ငံပေါင်း ၃၀ ကျော် တင်ပို့နေရာကနေ ယနေ့ထိ နိုင်ငံပေါင်း ၆၀ တိုးချဲ့ တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စပါးတန်ချိန် မတ်ထရစ်တန် ၄ သန်း တင်ပို့ နိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရရှိအောင် မျှော်မှန်းထားရှိပါတယ်။

     သို့သော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် ဆန်ပြည်ပတင်ပို့မှု လက်နှေးနေသလိုဖြစ်နေပြီး ပြည်တွင်း ဆန်စပါးဈေး ကွက်မှာလည်း ကမောက်ကမ မတည်မငြိမ်ဖြစ်ပေါ်နေသည်ကို ခံစားနေကြရပါတယ်။ မြန်မာ့ဆန်စပါးဈေးကွက်ဟာ ပြည်ပဆန်ဈေးကွက်က အနုတ်အသိမ်းသွက်မှသာ ဆန်စပါးဈေးတက်လာပြီး ဈေးဟာ ဣန္ဒြေရနေတာ ဖြစ်ပါတယ်။ ပြည်ပကို ဆန်နှင့်ဆန်ကွဲ အထွက်နည်း ပြီဆိုရင်တော့ ပြည်တွင်းဆန်စပါး ဈေးဟာအောက်သို့ထိုးဆင်းသွားတာတွေ့ရပါတယ်။ ဆန်စပါးအရောင်းအဝယ်ဈေးကွက်နှင့်နှီးနွှယ် ပါဝင်ပတ်သက် နေတဲ့ ပုဂ္ဂိုလ်များအားလုံးလည်း မျက်လုံးအပြူးသား နှင့်သာ ထိုင်စောင့်နေကြရတဲ့ အဖြစ်နဲ့ ကြုံကြရပါတယ်။ မြန်မာ့ဆန်ကို နှစ်စဉ်အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အီးယူနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယ်သာလန်၊ ယူကေနှင့် တရုတ်နိုင်ငံတွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကို နှစ်စဉ်တင်ပို့ဖို့ ကိုတာခွဲတမ်းရရှိဖို့မှာ အလွန်ခက်ခဲပါတယ်။ တစ်ခါတလေမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပရိယာယ်မဟာဗျူဟာကပဲ အကွက်ဆင်နေသလားလို့ ယူဆရပါတယ်။ တရုတ်နိုင်ငံဘက်က ဆန်ကိုတာ ခွဲတမ်းရရှိဖို့ မြန်မာဘက်ကလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းများ မလိုက်နာနိုင်တာရယ်၊ အချိန်မီနှစ်စဉ် ဆန်ခွဲတမ်း ကိုတာအချိန်မီမတောင်းခံနိုင်တဲ့ အားနည်းချက်ကလည်း ရှိနေတာ အမှန်ပါပဲ။ ဆန်ရဲ့အရည်အသွေး တွေကို သတ်မှတ်ချက်အတိုင်း စံချိန်စံညွှန်းပြည့်မီအောင် လုပ်ပေး နိုင်မှု အားနည်းတာတွေ၊ ဆန်စက်တွေရဲ့ အရည်အသွေးပြည့်မီအောင် မဆောင်ရွက်ပေးနိုင်တာတွေ၊ လိုအပ်သော ပြည့်စုံလုံလောက်တဲ့ ထောက်ခံချက်များ နှင့်တကွ တရုတ်နိုင်ငံကို ဆန်ကိုတာ ခွင့်ပြု ချက်တောင်းခံမှုစာရင်းအချိန်မီ မပို့နိုင်တာတွေဟာ တရုတ်နိုင်ငံနှင့် စကားပြောရတဲ့အခါမှာ မျက်နှာငယ်စရာ ဖြစ်လာပါတယ်။ ယခု ကမ္ဘောဒီယားနိုင်ငံကို တရုတ်က ဆန်တန်ချိန် နှစ်သိန်း ကိုတာခွဲတမ်းပေးခံရချိန်မှာ မြန်မာနိုင်ငံအတွက် အိပ်မက်တောင် မမက်ရသေးဘူး၊ စားရင်းတွေပို့ရဦးမယ်၊ ဆွေးနွေးရဦးမယ်ဆိုပြီး အမြဲနောက်ကျနေတဲ့ သဘောဖြစ်နေပါတယ်။

     အာဖရိကနိုင်ငံများကလည်း ဒီနှစ်မြန်မာ့ဆန်ဝယ်ယူမှုကို လက်နှေးနေတာ တွေ့ရပါတယ်။ နှစ်တိုင်းဆိုရင် အာဖရိကနိုင်ငံတွေက မြန်မာ့ဆန်ကို တော်တော်များများဝယ်ယူပါတယ်။ အိုင်ဗရီကို့စ် ကဖြစ်ခဲ့တဲ့ ပြဿနာရဲ့ လှိုင်းဂယက်ခတ်မှု အကင်းမသေသေးတဲ့ သဘောလား၊ အခြားပြဿနာလား တွေးဆရခက်နေပြန်ပါတယ်။ အီးယူ နိုင်ငံများက ဆန်လုံးအချွန်အခွန်ကောက်ခံမှုကင်းလွတ်ခွင့် ရုပ်သိမ်းခံလိုက်ရခြင်းဟာလည်း မြန်မာ့ဧည့် မထဆန် များ အကျုံးမဝင်ဘူးလို့ ဆိုသော်ငြားလည်း ယနေ့ထိ ပြတ်ပြတ်သားသားအရှိန် မသေသေးတာကို တွေ့ရပါတယ်။ ဒီအတွက်လည်း အီးယူနိုင်ငံများက ဒီနှစ် မြန်မာ့ဆန်နှင့်ဆန်ကွဲ ဝယ်ယူမှုကို တံခါးဖွင့် မပေးသေးတာကို တွေ့ရပါတယ်။ အခြားမြန်မာ့ဆန်ကို နှစ်စဉ်ဝယ်နေကြတဲ့ ဘင်္ဂလား ဒေ့ရှ်၊ သီရိ လင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေကလည်း ဘာအကြောင်းမှ ရှာမရဘဲ လက်တွန့်နေကြတာ တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ့လယ်ယာထွက်ကုန် ပြည်ပပို့ကုန်ထဲမှာ အဓိကသော့ချက်ဖြစ်တဲ့ မြန်မာ့ဆန်ပြည်ပ တိုးမြှင့်တင်ပို့နိုင်ရေးကို အစွမ်းကုန်ကြိုးပမ်းကြရမှာ မလွဲမသွေပါပဲ။ ကနဦးဆောင်ရွက်ရမယ့် အချက်ကတော့ မြန်မာ့ဆန်ရဲ့ အရည်အသွေးကို အခြားနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်အောင် ဆန်စံချိန်စံညွှန်းကို အဆင့်မြှင့် တင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့ဆန်စက် တွေ၊ သိုလှောင်ရုံတွေကို အရည်အသွေးကောင်း ဆန်ရရှိအောင် ကြိတ်ခွဲ၊ သိုလှောင်နိုင်တဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ ဆန်စက်ကြီးများ၊ သိုလှောင်ရုံကြီးများဖြစ်အောင် အာရုံစူးစိုက် ဆောင်ရွက်ကြဖို့ လိုအပ် မှာဖြစ်ပါတယ်။ တတိယအချက်ကတော့ မြန်မာ့ဆန်ကို ဓာတုဓာတ် ြွကင်းကင်းစင်အောင်၊ အဆိပ်သင့်ဒြပ်စင်များ ကင်းစင်အောင်စစ်မှန်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ နည်းလမ်း (GAP) နှင့် စိုက်ပျိုးကြဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဆန် Exporter ကြီးများ အခြားနိုင်ငံများနှင့်မယှဉ်နိုင်ဘဲ နောက်ကောက်ကြရတဲ့အချက် ကတော့ မြန်မာ့ဆန်ဟာ ဈေးနှုန်းကြီးမြင့်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမြန်မာ့ဆန် ပြည်တွင်း ဈေးနှုန်းကြီးမြင့်ရခြင်း ကတော့ တစ်ဧက စိုက်ပျိုးထုတ်လုပ် မှုကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ ဆိပ်ကမ်းသင်္ဘောတင်စရိတ်များ အခြား အိမ်နီး ချင်းနိုင်ငံများထက် ကြီးမြင့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တောင်သူလယ်သမားကြီးများက ထုတ်လုပ်မှု ကုန်ကျ စရိတ် မြင့်မားနေရင် သူတို့စပါးကို ဈေးအနိမ့်နဲ့ အရှုံးခံမရောင်းနိုင်ပါ။ Export လုပ်ကြမယ့် Exporter ကြီးများကလည်း ပြည်ပတင်ပို့ရင် ရမယ့်ဈေးထက် အရှုံးခံပြီး ဈေးကြီးပေးမဝယ်နိုင်ကြပါ။ ဒီမှာတင်ပဲ မြန်မာ့ဆန် စပါးဈေးဟာ ပြည်ပမပြောနဲ့ ပြည်တွင်းမှာပင်သပွတ်အူလိုက်နေသလို ဖြစ်နေတာ ဖြစ်ပါတယ်။ တောင်သူလယ် သမားကြီးများရဲ့ စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်မယ့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေး ဦးစီးဌာနက နေရာဒေသအနှံ့မှာ ပညာပေးဟောပြောခြင်း၊ နမူနာစမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးပြသခြင်း များကို ကွင်းထဲ အရောက် ထိထိမိမိဆောင်ရွက်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ ဆိပ်ကမ်းသင်္ဘောတင်စရိတ် ကြီးမြင့်မှုကို နိုင်ငံတော်က သက်ဆိုင်ရာ ဝန်ကြီးဌာနကို ညှိနှိုင်း လျှော့ချပေးနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။

         မြန်မာနိုင်ငံမှာ ယခုနှစ်ကဲ့သို့ ပြည်ပသို့ အကြောင်းအမျိုးမျိုး ကြောင့် ဆန်အထွက် တုံ့ဆိုင်းနေခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ပထမဦးစွာ တရုတ် နိုင်ငံသို့ စပါးအတိုင်း တင်ပို့နိုင်ရေးနှင့် နှစ်စဉ်ဆန်တင်ပို့ခွင့် ကိုတာ ခွဲတမ်း တတိယအကြိမ် တန်ချိန် တစ်သိန်း ထပ်မံရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ဒုတိယပတ် မှာ တရုတ်နိုင်ငံသို့ သွားရောက် ညှိနှိုင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံသို့လည်း သွား ရောက်၍ ဈေးကွက်ညှိနှိုင်းမှာ ဖြစ်ပါတယ်။  အဆိုပါအဖွဲ့ကဲ့သို့ ဈေးကွက်ရှာဖွေညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ဟာ အာဖရိကနိုင်ငံများသို့လည်း ဆန်နမူနာ အိတ် ကလေးများနဲ့ သွားရောက်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ နောက်ညှိနှိုင်းရေးအဖွဲ့ တစ်ဖွဲ့ကလည်း အီးယူနိုင်ငံများသို့လည်း ဆန်နမူနာအိတ်ကလေးများနဲ့ သွာ းရောက် ပြီး မြန်မာ့ဧည့်မထဆန်အချွန်ဟာ အီးယူက သတ်မှတ်တဲ့ ဆန်လုံးရှည် အချွန်၏ စံချိန်စံညွှန်းနှင့် မပါဝင်ကြောင်း ပြသ၍ ဈေးကွက်ညှိနှိုင်း ထိုးဖောက်ကြမှာ ဖြစ်ပါတယ်။ သို့ပါ၍ မြန်မာ့ဆန်ပြည်ပတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရ နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုသည် ကောင်းသောမျှော်လင့်ချက်ရောင်ခြည် ဖြစ်လာလိမ့်မည်ဟု ယုံကြည်မိပါ ကြောင်း။

 

အောင်ဆန်း(စိုက်ပျိုးရေး)

Border Trade News

Pages