Online Services ဆောင်ရွက်မှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို အင်တာနက်ရရှိသည့်မည်သည့်နေရမှမဆို အွန်လိုင်းစနစ်အပြည့်အဝ အသုံးပြု၍ လျှောက်ထားဆောင်ရွက် နိုင်သော အောက်ပါစနစ်(၂)ခုမှ ဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်-
1.    Myanmar Tradenet 2.0 System (https://www.myanmartradenet.com)
2.    Certificate of Origin Online Application System (https://onlineco.myanmartradenet.com)

Myanmar Tradenet 2.0 စနစ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုကိစ္စများအတွက် လျှောက်ထားထုတ်ယူနိုင်သည့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားသည့် စနစ်များကို ၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmar Tradenet Website မှတဆင့် Fully Online Licensing System စနစ်အား ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို ခေတ်မီနည်းပညာနှင့်အညီ မြန်ဆန်လွယ်ကူစွာဖြင့် အွန်လိုင်းအပြည့်အဝ အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်သော Myanmar Tradenet 2.0 စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
    ထိုသို့ အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန် ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို လျှောက်ထားရာတွင် အထောက်အကူ ဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူ ချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာ ပိုမိုပွင့်လင်း မြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များအရှိန်မြှင့်တင်နိုင်ရန်တို့အတွက်ဖြစ်ပါသည်။
    ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို အွန်လိုင်းစနစ်အပြည့်အဝ အသုံးပြု ဆောင်ရွက်နိုင်သော Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စတင်အသုံးပြုခဲ့ပြီး အောက်ပါလုပ်ငန်းများကို လျှောက်ထားဆောင် ရွက်နိုင်ပါသည်-

    ၁။  Tradenet Member လျှောက်ထားခြင်း၊
    ၂။  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
    ၃။  လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
    ၄။  ဝိုင်းတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
    ၅။  အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
    ၆။  စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊
    ၇။  Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
   ၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြု

        လက်မှတ်၊
   ၉။  Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
   ၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
   ၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
   ၁၂။ ပင်လယ်ရေကြောင်း/နယ်စပ် ပို့ကုန်လိုင်စင်ပါမစ်
   ၁၃။ ပင်လယ်ရေကြောင်း/နယ်စပ် သွင်းကုန်လိုင်စင်ပါမစ်

    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အချက်အလက်များကို ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန၏ MyCo စနစ်နှင့် ချိတ်ဆက်၍ရယူခြင်း၊  အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်ဖြင့်ချိတ်ဆက်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အချက်အလက်များနှင့် လိုင်စင်ပါမစ်အချက်အလက်များပေးပို့ခြင်း၊ မြန်မာနိုင်ငံအထည်ချုပ်အသင်း၏ MGMA စနစ်ဖြင့်ချိတ်ဆက်၍ CMP အထည်ချုပ်သွင်းကုန်လိုင်စင်အချက် အလက်များရယူခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်၏ နေ့စဥ် ငွေလဲလှယ်နှုန်းများဖော်ပြထားသည့် Website ဖြင့်ချိတ်ဆက်၍ ငွေလဲလှယ်နှုန်းထားများကို လည်းကောင်း စသည်တို့အား API နည်းပညာဖြင့် ချိတ်ဆက်၍  အချက်အလက်များ Real Time ရယူ/ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။

    ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုလုပ်ငန်းများကို MPU E-commerce Pay စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးရသည့် ကုန်သွယ်မှုဆက်စပ်ဌာန/ အသင်းအဖွဲ့(၅၄)ခုမှလည်း Tradenet 2.0 စနစ်အတွင်းဝင်ရောက်အသုံးပြု၍ လိုင်စင်ဆိုင်ရာ  ထောက်ခံချက်ပေးသည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

Certificate of Origin (CO) Online Application System
    ပို့ကုန်တင်ပို့သူများအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်လျှောက်ထားမှုများကို ပိုမို လွယ်ကူစေရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနသည် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များအား Online စနစ်ဖြင့် လျှောက်ထားအသုံးပြုနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ထားပါသည်။
    Certificate of Origin (CO) Online Application System မှ အကောက်ခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Preferential Certificate of Origin-CO) များဖြစ်သော ATIGA EForm D၊ Form A၊ Form AANZ ၊ Form AHK ၊ Form AI ၊ Form AJ ၊ Form AK၊ Form China ၊ Form DFTP ၊ Form E ၊ Form Korea၊ Form RCEP  စသည့် Form (၁၂) မျိုး၊ ထုတ်ကုန်မှတ်ပုံတင် လက်မှတ်(Certificate of Product Registration)၊ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Certified Exporter-CE) တို့ကို ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ငွေပေးချေမှု လုပ်ငန်းများကို MPU e-Commerce Pay စနစ်ဖြင့် ပေးချေနိုင်ရေး ဆောင်ရွက်ထားပါသည်။
    Certificate of Origin (CO) Online Application System ကို (၁၂-၁၂-၂၀၁၈ ) ရက်နေ့မှ စတင်၍ နေပြည်တော်၊ ရန်ကုန် ၊ MIC(OSS) ၊ သီလဝါတို့တွင်လည်းကောင်း၊ (၁-၇-၂၀၂၁) ရက် နေ့တွင် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့တွင်လည်းကောင်း၊ (၁-၉-၂၀၂၁) ရက်နေ့မှစတင်၍ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ မယ်စဲ့၊ ထီးခီး၊ မောတောင် တို့တွင်လည်းကောင်း အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။
    Certificate of Origin (CO) Online Application System မှ Form D အား Document ထုတ်ပေးမှုအပြင် Electronic အချက်အလက်များအား အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသော National Single Window Routing Platform (NSWRP) မှတဆင့် ASEAN Single Window (ASW) စနစ်သို့ချိတ်ဆက်၍ ATIGA e-Form D လဲလှယ်နိုင်ရေးတို့ကို (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ ပေးပို့လျက်ရှိပါသည်။
    မြန်မာနိုင်ငံပါဝင်အကောင်အထည်ဖော်ဆောင်လျက်ရှိသော Free Trade Area (၇) ခုအနက် အာဆီယံ-ကိုရီးယား ၊ အာဆီယံ-ဟောင်ကောင်၊ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန် FTA တို့၏ ခွင့်ပြုထုတ်ပေးသော CO Form (၅) မျိုးပေါ်တွင် ရုံးတံဆိပ်(e-seal)နှင့် အရာရှိလက်မှတ် (e-signature)တို့အား အီလက်ထရောနစ်စနစ်ဖြင့် အသုံးပြုစိစစ်ထုတ်ပေးနိုင်ရေးနှင့် ကုန်သည် လုပ်ငန်းရှင်များ၏လက်မှတ်များအား အီလက်ထရောနစ်စနစ်ဖြင့် စနစ်အတွင်းထည့်သွင်း ဆောင်ရွက် ခဲ့ပြီး (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ အဆိုပါ CO Form (၅) မျိုးပေါ်တွင် Electronic Seal and Signature ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
    ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ခွင့်ပြုထုတ်ပေးလိုက်သော CO Form များအား သက်ဆိုင်ရာကုန်တင်သွင်းနိုင်ငံ အကောက်ခွန် ဌာနများမှ အလွယ်တကူစိစစ်နိုင်ရန်ရည်ရွယ်၍ CO Verification Platform (https://verificationco.myanmartradenet.com/) အား (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။