မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 03/12/2024 - 05:41 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလ၊ တတိယပတ်တွင် ကွမ်းတစ်ပိဿာလျှင် အရည်အသွေးအပေါ် မူတည်၍ ငွေကျပ် ၆,၀၀၀-၉,၀၀၀ ဈေးနှုန်းများဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ငွေကျပ် ၅,၀၀၀-၇,၀၀၀ ဈေးနှုန်းများဖြင့်လည်းကောင်း၊ မတ်လပထမပတ်တွင် ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဈေးနှုန်းများဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန်နွေအကူး နွေဦးရာသီအချိန်တွင် ကွမ်းအထွက်နှုန်းများတိုးလာပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားကာ ဈေးနှုန်းများကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages