ပခုက္ကူခရိုင်တွင် မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိ

Thu, 09/21/2023 - 03:59 -- mocadmin

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စပါးစိုက်ဧကနည်း၍ ဆန်လိုဒေသဖြစ်သော်လည်း ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးမြေပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် ပခုက္ကူမြို့နယ်တွင် (၂၅,၁၄၆)ဧက၊ ရေစကြိုမြို့နယ်တွင် (၉,၃၂၂) ဧက၊ မြိုင်မြို့နယ်တွင် (၅၆,၄၇၈) ဧက၊ ပေါက်မြို့နယ်တွင် (၅၀,၃၀၇) ဧက၊ ဆိပ်ဖြူမြို့နယ်တွင် (၁၁,၄၉၃) ဧက စုစုပေါင်း (၁၅၂,၇၄၆) ဧက စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

    စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးမြေပဲကို မေလတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ကျပ် (၇၇၇,၀၀၀) ခန့် ကုန်ကျကြောင်း သိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀-၄၅) တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် မြေပဲတောင့်(အစို)တစ်တင်းလျှင် ကျပ်(၂၃,၁၀၀) ပေါက်ဈေးရှိရာ တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ် (၂၆၀,၀၀၀)ကျော်ခန့် ရရှိကြောင်း၊ မြေပဲ (အစို) များကို အခြောက်လှန်း၍ မြေပဲဆန်များအဖြစ် ကြိတ်ခွဲရောင်းချချိန်တွင် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

    မြေပဲဆန်ကို ဆီကြိတ်ရာတွင်သာမက မြေပဲယိုများ၊ မြေပဲဆားလှော်များအပြင် မြေပဲဆန်ကို ကြိတ်၍ရရှိသော ကြိတ်ဖတ်များကို နှမ်းဖတ်ချဉ်အဖြစ်လည်းကောင်း ထုတ်လုပ်ရောင်းချလျက်ရှိပြီး မြေပဲပင်မှ ထွက်ရှိသော မြေပဲရိုး၊ မြေပဲမှော်များကိုလည်း တိရိစ္ဆာန်စာအဖြစ် အသုံးပြုနိုင်သည့်အတွက် မြေပဲသီးနှံကို ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA  (မကွေး)

Local Trade News

Pages