စဉ့်ကိုင်မြို့၌ အရောင်းအဝယ်သွက်နေသော ခရမ်းသီးဈေးကွက်

Tue, 02/06/2024 - 03:38 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည် မြို့နယ်အတွင်းရှိ ပုန်းညက်ကျေးရွာ၊ အင်ရောင်းကျေးရွာနှင့် မင်းစုကျေးရွာများတွင် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

   စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရပြီး မျိုးအနေဖြင့် ခရမ်းသီး အလုံးသေးမျိုး (မြှုပ်ခရမ်း)နှင့် အလုံးကြီးမျိုး (555) မျိုးများကို နေရာဒေသအလိုက် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲ သုံးလအကြာတွင် ခရမ်းသီးများကို စတင်ခူးဆွတ်နိုင်ပြီး ၄ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ စတင်၍ တစ်ပတ်ထက် တစ်ပတ် အထွက်နှုန်း ပိုမိုလာကြောင်း၊ တစ်ဧက အထွက်နှုန်း အနေဖြင့် တစ်ပတ်လျှင် အလုံးသေးမျိုး (မြှုပ် ခရမ်း) မှာ ၃၀၀-၄၀၀ ပိဿာခန့်နှင့် အလုံးကြီးမျိုး (555) မှာ ၅၀၀-၆၀၀ ပိဿာခန့်အထိ ထွက်ရှိပြီး အနည်းဆုံး ၄ လကျော်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်း ၈၀၀,၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ လက္ကားဈေးနှုန်းအနေဖြင့် ခရမ်းသီးအလုံးသေး (အမြှုပ်ခရမ်း) တစ်ပိဿာလျှင် ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ အလုံး ကြီးမျိုး (555) အား တစ်ပိဿာ လျှင် ၄၀၀ ကျပ်ဖြင့်လည်းကောင်း စဉ့်ကိုင်မြို့ပေါ်ရှိ ပွဲစားများမှ ခရမ်းသီးစိုက်ခင်းသို့ လာရောက် ဝယ်ယူကြပြီး ရန်ကုန်၊ မော်လမြိုင်နှင့် ညောင်တုန်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ခရမ်းသီး အလုံးကြီးမျိုးမှာ အရောင်းအဝယ်အေး၍ အလုံးသေးမျိုး(မြှုပ်ခရမ်း)မှာ အရောင်းအဝယ်သွက်လျက် ရှိကြောင်း ခရမ်းသီးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages