ငါန်းဇွန်မြို့နယ်တွင် ပဲစဉ်းငုံသီးနှံများ ရိတ်သိမ်းထွက်ပေါ်

Mon, 01/16/2023 - 05:22 -- comsumer

          မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်စိုက် ပဲစဉ်းငုံများ ဒီဇင်ဘာလ ပထမပတ်မှစ၍ ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ငါန်းဇွန်မြို့နယ်တွင် ပဲစဉ်းငုံသီးနှံစိုက်ပျိုးရန် (၂၉၂၉၄)ဧက လျာထားခဲ့ပြီး (၃၀၉၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ပဲစဉ်းငုံသီးနှံကို နှစ်စဉ် မေလတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ရွှေဒင်္ဂါးမျိုးကို အများဆုံး စိုက်ပျိုးကြသည့်အပြင် အခြားမျိုးများဖြစ်သည့် ငါးဆံပဲ၊ ရွှေတဆုပ် စသည့်မျိုးများကိုလည်း အနည်းငယ် စိုက်ပျိုးကြကြောင်း သိရသည်။

          ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူများမှာ ရွှေတဆုပ်မျိုး၊ ဂွတစ်ရာမျိုးများကို စိုက်ပျိုးကြပြီး၊  ယခုနှစ်တွင် မိုးရွာသွန်မှုနည်းပါးခဲ့ပြီး၊ အစိုဓာတ် လိုအပ်ချိန်တွင် နှင်းကျရောက်မှုလည်း နည်းသည့်အတွက် ယခင်နှင့်နှုန်းယှဉ်ပါက အထွက်နှုန်း နည်းနေကြောင်း၊ ယခင်နှစ်တွင် တစ်ဧကလျှင်(၇)တင်းခန့် ထွက်ရှိခဲ့၍ အဖွင့်ဈေးအနေဖြင့် တစ်တင်းလျှင်(၅၅၀၀၀) ကျပ်ခန့်ဖြင့် စတင်ခဲ့ပြီး (၆၀၀၀၀)ကျပ်ခန့်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ အပိတ်ဈေးမှာ (၄၅၀၀၀၊ ၄၈၀၀၀)ကျပ် ဝန်းကျင်သာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တစ်ဧကအထွက်နှုန်းမှာ(၄)တင်း ခန့်သာ ထွက်ရှိခဲ့၍ အဖွင့်ဈေးအနေဖြင့် (၇၀၀၀၀)ကျပ်ခန့်ဖြင့် စတင်ခဲ့ပြီး ဒီဇင်ဘာလ စတုတ္ထပတ် တွင် (၅၃၅၀၀၀)ကျပ်ခန့် ရှိကြောင်း သိရသည်။ တင်ပို့ရောင်းချမှုအနေဖြင့် မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည် စသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချကြပြီး တချို့တောင်သူများမှာလည်း ကျေးရွာ ထွက်ကားများဖြင့် ကိုယ်တိုင်ဈေးရောင်းဈေးဝယ်ပြုရင်း သွားရောက်ရောင်းချကြကြောင်း သိရသည်။

DOCA (မန္တလေး)