ကျောက်ဆည်ခရိုင်တွင် ဖူးစားပြောင်းများရိတ်သိမ်း

Thu, 03/14/2024 - 04:36 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း တောင်သူများ ဝင်ငွေတိုးပွားစေရန်အတွက် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၌ ၂၀၃၃ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၃၇၄ ဧက၊ မြစ်သားမြို့နယ်၌ ၂၈၄၆ ဧက၊ စုစုပေါင်း ၅၂၅၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စဉ့်ကိုင်မြို့နယ်၌ ၃၇၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ဖူးစားပြောင်းစိုက်ပျိုးရာတွင် သကြားပြောင်းနှင့် ထောပတ်ပြောင်းများကို အများဆုံးစိုက်ပျိုး ကြပြီး တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၂၆၀,၀၀၀ ကျပ်ခန့်ကုန်ကျ ကြောင်း၊ တစ်ဧက အထွက်နှုန်း အနေဖြင့် ပြောင်းဖူး ၄၀၀၀ ဖူးခန့် ထွက်ရှိပြီး သကြားပြောင်းဖူး သည် လူကြိုက်များသောကြောင့် အရောင်းသွက်ပြီး စျေးကောင်းရကြောင်း၊ ဈေးနှုန်း အနေဖြင့် ပြောင်းဖူး အရွယ်အစားအပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိ၍ ယခင်နှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်စျေး (လက်ကားဈေး) အနေဖြင့် အခင်းသို့ လာရောက်ဝယ်ယူမှုများရှိရာ ပြောင်းဖူး တစ်ဖူးလျှင် ၁၅၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး လက်လီဈေးနှုန်း အနေဖြင့် သကြားပြောင်းဖူး အရွယ် အစားပေါ်မူတည်၍ ၄ ဖူးလျှင် ၁၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၃ ဖူးလျှင် ၁၀၀၀ ကျပ်ဖြင့်လည်း ကောင်းရောင်းချရကြောင်း၊ ယခုနှစ် ပြောင်းဖူး ပေါ်ချိန်တွင် ဖောက်သည်စျေး (လက်ကားဈေး) အနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် ၂၅၀-၃၀၀ ကျပ်ဖြင့် ရောင်းချရပြီး ပြောင်းဖူးပြုတ် တစ်ဖူးလျှင် ၇၀၀-၈၀၀ ကျပ်အထိ ရောင်းချရသည့်အတွက် ယခင်နှစ်ထက် ပြောင်းဖူးစျေးနှုန်း ပိုမိုကောင်းမွန် သဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages