ဥရောပသမဂ္ဂမှ သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်းဥပဒေသစ် ချမှတ်ခဲ့ခြင်းကိစ္စ

Wed, 06/21/2023 - 09:25 -- wtodep

ဥရောပတိုက်သားများ ဝယ်ယူအသုံးပြုသည့် ကုန်စည်များထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးမြေတိုးချဲ့ခြင်းကြောင့် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ဥရောပသမဂ္ဂမှ သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်းဥပဒေသစ် (EU Regulation on deforestation-free products: EUDR) ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပါသည်။

အဆိုပါဥပဒေတွင် အီးယူဈေးကွက်အတွင်းသို့ တင်သွင်းမည့် သားရေအထည်များ၊ ချောကလက်နှင့် ပရိဘောဂပစ္စည်းများစသည့် ကုန်ချောထည်များ ထုတ်လုပ်ရန်လိုအပ်သည့် မွေးမြူရေးလုပ်ငန်း၊ ကော်ဖီ၊ ကိုကိုး၊ စားအုန်းဆီ၊ ပဲပိစပ်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် သစ်၊ ရော်ဘာအတွက်  သစ်ထုတ်လုပ်ရေးလုပ်ငန်းများသည် သစ်တောပြုန်းတီးမှကင်းရှင်းကြောင်း ထောက်ခံချက်ပါရမည် ဖြစ်ပါသည်။ ထို့အပြင် စည်းမျဉ်းဥပဒေသစ်အရ စံသတ်မှတ်မှုစနစ် (benchmarking system) ကို ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းမှာ ဥရောပ ဒေသတွင်းနှင့် ဥရောပဒေသပြင်ပရှိ နိုင်ငံများအား သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအဆင့်အတန်း ဆုတ်ယုတ်ပျက်စီးလာမှုနှင့် ဆက်စပ်သည့် ဆုံးရှုံးနိုင်ခြေအဆင့် (level of risk) ကို နိုင်ငံ/ဒေသအလိုက် သတ်မှတ်၍ စာရင်းပြုစုသွားမည် ဖြစ်ကြောင်းပါဝင်ပါသည်။ ယင်းစာရင်းကို ဥရောပကော်မရှင်က ရေးသားပြုစုပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တင်ပြမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဥရောပသမဂ္ဂ အကောက်ခွန်အာဏာ ပိုင်များအနေဖြင့် ယင်းစာရင်းအပေါ် မူတည်၍ ကုန်ပစ္စည်းစစ်ဆေးမှုကို ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှု အများဆုံးဖြစ်ပေါ်နိုင်သော ဒေသများမှ ပေးပို့လာသည့် ကုန်ပစ္စည်းအပေါ် စစ်ဆေးမှု ပိုမို တိုးမြှင့်သွားမည်ဖြစ်ပါသည်။

ဥရောပသမဂ္ဂမှ ကမ္ဘာ့သစ်တောပြုန်းတီးမှုအပေါ် အကျိုးသက်ရောက်မှုကို လျှော့ချသော စည်းမျဉ်းအသစ်ချမှတ်၍ သစ်တော ပြုန်းတီးမှုကင်းသော ထုတ်ကုန်များ သုံးစွဲမှုများစေခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးနှင့် ဇီဝမျိုးကွဲများ ဆုံးရှုံးမှုကို အကာအကွယ်ပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းစည်းမျဉ်းဥပဒေသစ်သည် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနှင့် ဇီဝမျိုးကွဲဆုံးရှုံးမှုတို့ကို အကာအကွယ်ပေးသော ၂၀၃၀ ပြည့်နှစ် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ချနိုင်ရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရန် သဘောတူထားသည့် ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်။

သို့ရာတွင် ယင်းစည်းမျဉ်းသစ်မှာ ဥရောပပြင်ပရှိ အခြားနိုင်ငံများအတွက် အလွယ်တကူ လိုက်နာရန် ခဲယဉ်းပြီး အထူးသဖြင့် အီးယူဈေးကွက်သို့ စားအုန်းဆီ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့ပါသည်။ စားအုန်းဆီထုတ်လုပ်သော နိုင်ငံများ၏ စားအုန်းဆီလုပ်ငန်းများကို ထိခိုက်စေပြီး၊ အသေးစားလုပ်ငန်းရှင်များနှင့် ဆီအုန်းစိုက် တောင်သူများကို ထောက်ပံ့ရေးကွင်းဆက်မှ ဖယ်ရှားပစ်သကဲ့သို့  ဖြစ်နေပါသည်။

ဆီအုန်းကဏ္ဍမှာ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် တစ်ခုဖြစ်သော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရာတွင် ပါဝင်ဖြည့်ဆည်းပေးသည့် ကဏ္ဍဖြစ်ပြီး အသေးစားလုပ်ငန်းများမှာ ကမ္ဘာ့ဆီ အုန်းထောက်ပံ့ရေးကွင်းဆက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီပေးနေကြောင်း၊ မလေးရှား၌ အသေးစားလုပ်ငန်းရှင်နှင့် တောင်သူ ၄၅၀,၀၀၀ ဝန်းကျင်နှင့် အင်ဒိုနီးရှား၌ ၂.၅ သန်းခန့်ရှိကြောင်း၊ ညှိနှိုင်း ဆွေးနွေးမှုမရှိဘဲ ဥရောပသမဂ္ဂဘက်မှ အရေးယူဆောင်ရွက်ခြင်းကြောင့် အသေးစားလုပ်ငန်းရှင်များနှင့် တောင်သူများကို ထိခိုက်နစ်နာ စေကြောင်း မလေးရှားနှင့် အင်ဒိုနီးရှား ဝန်ကြီးများက သတင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုစည်းမျဉ်းအသစ်ကို တန်ပြန်တုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အလွန်အရေးကြီးသည့် ကိုယ်စားလှယ်အဖွဲ့အား ဘရပ်ဆဲလ်သို့ မေလ ၃၀ - ၃၁ ရက်နေ့၌ စေလွှတ်ခဲ့ကာ ဥရောပသမဂ္ဂကော်မရှင်နှင့် စားအုန်းဆီနှင့်ဆက်နွယ်သည့် ပြဿနာအမျိုးမျိုးအပေါ် ဆွေးနွေးခဲ့ပါသည်။ ဥရောပသမဂ္ဂဘက်မှ တောင်းခံသည့် လက်မှတ်များမှာ အသေးစားလုပ်ငန်းရှင်များနှင့် လယ်သမားများ လိုက်နာကျင့်သုံးရန် အလွန်ခက်ခဲသဖြင့် စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အပြန်အလှန်အသိအမှတ်ပြုသော သဘောတူညီချက် (mutual recognition arrangement) ကို ချုပ်ဆိုသွားရန်နှင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ဆောင်ရွက်သော လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ဥရောပသမဂ္ဂက အသိအမှတ်ပြု လက်ခံသွားရန်  အင်ဒိုနီးရှားက ကြိုးစားသွားမည်ဟု သိရပါသည်။  သစ်တောပြုန်းတီးမှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံက ၂၀၁၀ ခုနှစ်တွင် ဆီအုန်းတိုးချဲ့စိုက်ပျိုးမှု များကို ဆိုင်းငံ့ထားခဲ့ပြီးဖြစ်သည်ဟုလည်း အင်ဒိုနီးရှားဝန်ကြီးက ပြောကြားခဲ့ပါသည်။

ယခင်ကလည်း မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ဥရောပသမဂ္ဂ၏ မူဝါဒ အကောင်အထည်ဖော်ရာတွင် ခွဲခြားဆက်ဆံသည့် မူဝါဒပြုနေကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြားမှုများရှိကြောင်း သိရှိရပါသည်။ ယခုပူးတွဲကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းမှာ ၎င်း အငြင်းပွားမှုအတွက် အဖြေရှာရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်းဥပဒေသစ်ထုတ်ပြန်ခဲ့မှုအပေါ် အီးယူဈေးကွက်သို့ စားအုန်းဆီ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်သည့် အလားအလာများရှိလာ နိုင်သည်ကို သုံးသပ်တွေ့ရှိရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံမှ သားရေအထည်များ၊ ကော်ဖီ၊ စားအုန်းဆီ၊ ပဲပိစပ် စသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ကုန်စည်များနှင့် ရော်ဘာတို့ကို တင်ပို့မှုများရှိသည့်အတွက် အီးယူဈေးကွက်အတွင်းသို့ တင်ပို့လိုသည့် ကုန်သည်/ လုပ်ငန်းရှင် များအနေဖြင့် ဥရောပသမဂ္ဂမှ သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်း ဥပဒေသစ် (EU Regulation on deforestation-free products: EUDR) ထုတ်ပြန်ထားခြင်းနှင့် စပ်လျဉ်း၍ သိရှိထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှသာ တင်ပို့မှုများ အဆင်ပြေချောမွေ့နိုင်မည် ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

Source: https://en.tempo.co/read/1727260/malaysia-indonesia-to-send-palm-oil-joint-mission-to-eu-this-month

https://environment.ec.europa.eu

ဒေါက်တာရွှေစင်ကို

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages