အီးယူ၏ သစ်တောပြုန်းတီးမှုဥပဒေကြောင့် အကျပ်အတည်းနှင့်ရင်ဆိုင်နေရသော အင်ဒိုနီးရှားနိုင်ငံ၏ ရော်ဘာလုပ်ငန်း

Fri, 02/16/2024 - 03:16 -- wtodep

ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုစည်းမျဉ်း [EUDR] ကြောင့်ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို အင်ဒိုနီးရှားရော်ဘာ ထုတ်လုပ်သူများက စိုးရိမ်လျက်ရှိပြီး ရှိရင်းစွဲစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေကာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများသို့ တင်ပို့မှုများအား အဟန့်အတားဖြစ်စေမည်ကို ထိတ်လန့်နေကြပါသည်။

အင်ဒိုနီးရှားစာရင်းအင်း (Statistics Indonesia-BPS) ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း အရှေ့တောင်အာရှမှ ရော်ဘာတန်ချိန် ၂.၀၈ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၆၆ ဘီလီယမ်) တင်ပို့ခဲ့ရာ ဥရောပသမဂ္ဂနိုင်ငံများသို့ ခန့်မှန်းခြေ ၁၄% (တန်ချိန် ၃၀၀,၀၀၀) တင်ပို့ခဲ့ပါသည်။

အင်ဒိုနီးရှားရော်ဘာအသင်း (Gapkindo) ၏ အမှုဆောင်ဒါရိုက်တာ Erwin Tunas က ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှု စည်းမျဉ်းများနှင့်မကိုက်ညီပါက ပြည်တွင်းရော်ဘာ ထောက်ပံ့ရေးကွင်းဆက်ရှိ တောင်သူများနှင့် ရော်ဘာထုတ်လုပ်သူများအတွက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၇ သန်းခန့် သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း၊ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ တာယာ ကဲ့သို့ရော်ဘာအချောထည်ပစ္စည်းများ တင်ပို့နေသည့် အခြားနိုင်ငံများကလည်း အင်ဒိုနီးရှားရော်ဘာထုတ်လုပ်သူများအား အီးယူကဲ့သို့ ပထဝီမြေပုံဆိုင်ရာ အချက်အလက်များ တောင်းခံလာမည်ကိုစိုးရိမ်ကြောင်း၊ ယင်းလိုအပ်ချက်သည် အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရသည့် စိုက်ခင်းစိုက်ပျိုးခွင့်ပါမစ်နှင့် ဆင်တူကြောင်း၊ အင်ဒိုနီးရှားရော်ဘာစိုက်မြေဟက်တာ ၃.၂ သန်းတွင် ဟက်တာ ၁၀,၀၀၀ သာ အဆိုပါပါမစ် ရရှိထားကြောင်း၊ အစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝရော်ဘာ ၉၀ % ကို ထုတ်လုပ်နေသည့် အသေးစားတောင်သူလယ်သမားများ မှတ်ပုံတင်ရာ တွင် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Andi Nur Alam Syah က ဝန်ကြီးဌာန အနေဖြင့် ပြည်နယ်အစိုးရများအား အချက်အလက်များကောက်ခံခြင်း ၊ မြေပုံဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် ပါမစ်ထုတ်ပေးခြင်းတို့ကို EUDR စတင်ကျင့်သုံးမည့် ယခုနှစ် ကုန်တွင်စတင်နိုင်ရန် မှာကြားထားကြောင်း၊ အစိုးရကခြေရာခံနည်းလမ်းများဖြင့် အသေးစားရော်ဘာစိုက်ပျိုးသူများ၏ ပထဝီမြေပုံ ဆိုင်ရာအချက်အလက်များကို ကောက်ခံထားသဖြင့် အီးယူသို့ ရော်ဘာနှင့်ရော်ဘာထုတ်ကုန်များကို တင်ပို့နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားစီးပွားရေးပြုပြင်ပြောင်းလဲမှုဗဟို (Central of Reform on Economics-CORE) မှ သုတေသီ Eliza Mardian က EUDR ၏ အကျိုးသက်ရောက်မှုကို အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့က ယခုအချိန်အထိ ဆွေးနွေးခြင်း မရှိသေးကြောင်း၊ အကယ်၍ အဆိုပါနိုင်ငံများက အင်ဒိုနီးရှားထုတ်လုပ်သူများအား အီးယူ၏ သစ်တောမပြုန်းတီးရေး အထောက်အထားတောင်းခံလာပါက အစိုးရအနေဖြင့် လယ်သမားများအား အဆိုပါ လက်မှတ်ရရှိရေး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားရော်ဘာကောင်စီဥက္ကဋ္ဌ Aziz Pane က အီးယူ၏ ဥပဒေကြောင့် တူရကီသည် အင်ဒိုနီးရှားမှ ရော်ဘာအစား အိုင်ဗရီကို့စ်မှ ဝယ်ယူခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ရော်ဘာလုပ်ငန်းသည် ပြည်တွင်း သုံးစွဲမှုနည်းပါးခြင်းကြောင့် ပို့ကုန်အပေါ် မှီခိုနေရကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အရှေ့တောင်အာရှ၏ အကြီးဆုံးရော်ဘာ လုပ်ငန်းသည် ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်မှုတန်ချိန် ၃.၆၅ သန်းဖြင့် စံချိန်တင်မြင့်မားခဲ့ပြီး တန်ချိန် ၃.၂ သန်း တင်ပို့ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၌ ရော်ဘာနှင့် ရော်ဘာထွက်ကုန်များတင်ပို့မှုသည် တန်ချိန် ၃.၄၅ သန်း  တန်ဖိုးအမေရိကန်ဒေါ်လာ ၆.၁၄ သန်း ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်များ၌ ပို့ကုန်တင်ပို့မှုဆက်လက်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း ၂၆ % မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ်၌ တင်ပို့မှုတန်ချိန် ၂.၉၈ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၇၉ သန်း အထိ မြင့်တက်ခဲ့ပါသည်။

ရော်ဘာဈေးနှုန်းတည်ငြိမ်သွားခြင်း၊ ရော်ဘာရွက်ကြွေရောဂါဖြစ်ပွားခြင်း၊ ရော်ဘာစေးခြစ်သူများမရှိခြင်း၊ ရော်ဘာအစားအခြား သီးနှံများပြောင်းလဲစိုက်ပျိုးခြင်းတို့ကြောင့် ယခင်နှစ် ဇန်နဝါရီလမှ မေလအတွင်း ရော်ဘာနှင့်ရော်ဘာထွက်ကုန်တင်ပို့မှု၏ တန်ဖိုးနှင့်ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၂၅ % နှင့် ၁၄ % အသီးသီး ကျဆင်းသွားခဲ့ပါသည်။ ယင်းသို့ ကုန်ကြမ်းထွက်ရှိမှု လျော့ကျခြင်းကြောင့် ရော်ဘာ ကုန်ကြမ်းမှတဆင့် ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများကိုဆိုးရွားစွာ ထိခိုက်နစ်နာစေပါသည်။

ပြီးခဲ့သောခြောက်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာအစအနထုတ်လုပ်သူ ၁၅၂ ခု အနက် ၄၈ ခု မှာ ပိတ်သိမ်းခဲ့ရ ကြောင်း Erwin မှပြောကြားခဲ့သည်။

Source: Borneo Bulletin

International Trade News

Pages