အီလက်ထရောနစ် ဒေတာ (သို့မဟုတ်) သတင်းအချက်အလက်များ လွှဲပြောင်းခြင်းအပေါ် အကောက်ခွန်နှုန်းထား စည်းကြပ်ကောက်ခံခြင်းမပြုရန် အိန္ဒိယစီးပွားရေးအသင်း ၂ ခုက ပြောကြား

Wed, 02/21/2024 - 03:15 -- wtodep

အီလက်ထရောနစ်ဒေတာ (သို့မဟုတ်) သတင်းအချက်အလက်များ လွှဲပြောင်းခြင်း (Electronic Transmission) အပေါ် အကောက်ခွန် နှုန်းထားကောက်ခံမှုအား ယာယီတားမြစ်မှု (Moratorium) ကို  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဆက်လက်ထားရှိရန်နှင့် အဆိုပါ အချက်သည် ကိုဗစ်ကပ်ရောဂါအလွန် ထောက်ပံ့ရေးကွင်းဆက်ကြံ့ကြံ့ခံနိုင်စွမ်းအတွက် အရေးကြီးကြောင်း အိန္ဒိယစီးပွားရေး အသင်း ၂ ခုဖြစ်သည့် အိန္ဒိယလျှပ်စစ်ပစ္စည်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအသင်း (India Electronics & Semiconductor Association- IESA) နှင့် အိန္ဒိယအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖိုရမ် (India SME Forumတို့က ထောက်ခံ အဆိုပြုခဲ့သည့် သတင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ထုတ် The Economic Times News တွင် ဖော်ပြ ထားပါသည်။

အဆိုပါအသင်း ၂ ခုက Moratorium ဆက်လက်ထားရှိရေး အဆိုပြုချက်ကို ကမ္ဘာ့အသင်းအဖွဲ့ ပေါင်း ၁၇၀ ခန့်၏ ထောက်ခံချက်ဖြင့်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တင်ပြခဲ့ပါသည်။  အိန္ဒိယနှင့် တောင်အာဖရိကတို့က Moratorium ကြောင့် အခွန်ဆုံးရှုံးမှုကိုဖြစ်စေသဖြင့် အဆုံးသတ်နိုင်ရေး အပြင်းအထန် တွန်းအားပေးနေသည့်ကြားမှ အဆိုပါအဆိုပြုလွှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီ လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိကျင်းပပြုလုပ်မည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံမတိုင်မီ ရလဒ်တစ်ခုထွက်ပေါ်လာစေရန် ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပါသည်။

အီလက်ထရောနစ်ဒေတာ (သို့မဟုတ်) သတင်းအချက်အလက်များ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ အကောက်ခွန်နှုန်းထားသတ်မှတ် ကောက်ခံခြင်းအပေါ် ယာယီတားမြစ်မှုကို ၁၉၉၈ ခုနှစ်ကတည်းက ပြဌာန်းထားပြီး၊ ယင်းတားမြစ်ချက်ကို အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ တရုတ်နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၁၀၅ နိုင်ငံခန့်က ထောက်ခံခဲ့ကြပါသည်။

Moratorium ကို ဆက်လက်ကျင့်သုံးခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံ နိုင်ရေးအတွက် အရေးကြီးကြောင်း” အိန္ဒိယအသင်း ၂ ခုက ပြောကြားခဲ့ပါသည်။

Moratorium က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအကျိုးရှိစေပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လော့ဒ်ဒေါင်းချမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်မှုများအကြား ၎င်းတို့အနေဖြင့် ဒီဂျစ်တယ်နည်းပညာများအား ရယူသုံးစွဲနိုင်ခဲ့သောကြောင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ခဲ့ကြောင်း အဆိုပြုလွှာတွင် ဖော်ပြထားပါသည်။

Moratorium ကို သက်တမ်းမတိုးခဲ့ပါက အကောက်ခွန်အတားအဆီးများကြောင့် နယ်စပ်ဖြတ်ကျော်၍ ဗဟုသုတနှင့်ဒီဂျစ်တယ် နည်းပညာများရရှိမည့် အခွင့်အရေးများကို အဟန့်အတားဖြစ်စေပြီး MSMEs များ၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေကာ ဒီဂျစ်တယ်နည်းပညာ ပြန့်ကျဲခြင်း (digital fragmentation) တိုးမြင့်လာနိုင်ကြောင်း အိန္ဒိယအသင်း ၂ ခုက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (UNCTAD) ၏ စာရင်းအရ Moratorium ကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးနိုင်ကြောင်း၊ အဆိုပါဆုံးရှုံးမှု၏ ၉၅ % ကို ဖွံ့ဖြိုးဆဲနိုင်ငံများက ခံစားနေရကြောင်း ” ဖော်ပြ ထားပါသည်။

အိန္ဒိယ SME Forum ၏ ဥက္ကဋ္ဌဖြစ်သူ Vinod Kumar က အိန္ဒိယ MSMEs များသည် ဝန်ဆောင်မှု ပို့ကုန်များကို နှစ်စဉ်အမေရိကန် ဒေါ်လာ ၉၀ ဘီလီယံခန့် တင်ပို့နေကြရာ အကောက်ခွန်ကောက်ခံပါက နည်းပညာအကူအညီနှင့်ဆောင်ရွက်နေသော ဝန်ဆောင်မှု ပို့ကုန်များ (IT enabled services exports) ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source:The Economic Times News

 

International Trade News

Pages