အာရှ-ပစိဖိတ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်

Tue, 12/20/2022 - 04:34 -- wtodep

အာရှ-ပစိဖိတ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Asia Pacific Economic Cooperation - APEC) ၏ အဆင့်မြင့်အရာရှိကြီးများအဆင့် အလွတ်သဘော အစည်းအဝေးကို အမေရိကန်နိုင်ငံ၊ ဟိုနိုလူလူမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်တွင် APEC အဖွဲ့၏ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ရမည့် အမေရိကန်နိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း APEC အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်မည့် Mike Pyle က APEC အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး၏ စီးပွားရေး ပြန်လည်ကောင်းမွန်ကာ ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်ဖွံ့ဖြိုးမည့် အနာဂတ်ဖြစ်ပေါ်စေရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါ ရည်ရွယ်ချက်အောင်မြင်ရန် အပြန်အလှန် ချိတ်ဆက်မှု (interconnected) ၊ ဆန်းသစ်တီထွင်မှု (innovative) နှင့် အားလုံးပါဝင်နိုင်မှု (inclusive) တို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၊ ဒီဂျစ်တယ်ကုန်သွယ်မှု၊ ပေါင်းကူးဆက်သွယ်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များအတွက်အခွင့်အရေး၊ ရာသီဥတုအပြောင်းအလဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးစသည့်ကိစ္စရပ်များ ၊ စားသောက်ကုန်ဖူလုံရေး၊ ကျန်းမာရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှု (Women’s economic empowerment)၊ ရှေးယခင် ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုယ်စားပြုမှုနည်းပါးသည့် လူမှုအသိုက်အဝန်း များအား ထောက်ပံ့ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

APEC အဖွဲ့အနေဖြင့် ရလဒ်များထွက်ပေါ်ရေးနည်းလမ်းများကို ဆွေးနွေးနေသည့်အပြင် လက်ရှိအခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ပုဂ္ဂလိကဏ္ဍ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ ပညာရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုသွားမည် ဖြစ်ကြောင်း၊ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းတစ်ဦးဖြစ်သူ  Matt Murray က ပြောကြားခဲ့သည့်။

APEC အစည်းအဝေးများကို ၂၀၂၃ ခုနှစ်၏ ဖေဖော်ဝါရီ၊ မေ၊ စက်တင်ဘာနှင့် နိုဝင်ဘာလများတွင် အမေရိကန်နိုင်ငံ၏ မြို့ကြီးများ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

Source: https://www.apec.org/

International Trade News

Pages