အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်မားနေသော်လည်း ဒေါ်လာဈေးတည်ငြိမ်လျက်ရှိ

Wed, 02/07/2024 - 03:54 -- wtodep

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်နေ့များတွင် ပြုလုပ်မည့် အမေရိကန်ဗဟိုဘဏ် (Federal Reserve Bank) အစည်းအဝေး မတိုင်မီ အမေရိကန်စီးပွားရေးဆိုင်ရာ အချက်အလက်များအရ ငွေကြေးရင်းနှီးမြှုပ်နှံသူများက ဒေါ်လာ ဆက်လက်ကိုင်ထားခြင်းကြောင့် ဒေါ်လာဈေးတည်ငြိမ်လျက်ရှိကြောင်း စင်ကာပူအခြေစိုက် Channel News Asia – CNA သတင်းဌာန၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာကို ပြိုင်ဘက်ငွေကြေး ၆ ခုနှင့် နှိုင်းယှဉ်လျှက် ညွှန်းကိန်းသတ်မှတ်ရာ ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်လာညွှန်းကိန်းသည် ၁၀၃.၅၀ ဖြစ်ပြီး ၁လခွဲအတွင်း ရရှိထားသော ညွှန်းကိန်း ၁၀၃.၈၂ နှင့် အနီးစပ်ဆုံးဖြစ်ပါသည်။

အမေရိကန်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍  အတိုးနှုန်းကို ၀.၇၅ % လျှော့ချရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ဆုံးဖြတ်ခဲ့ပြီးနောက် စီးပွားရေးအချက်အလက်များ ပိုမိုကောင်းမွန်လာကာ ဗဟိုဘဏ်များ၏ တုန့်ပြန်မှုများက ငွေကြေးရင်းနှီး မြှုပ်နှံသူများအား အခြေအနေများကို ချိန်ညှိ နေစေခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တည်ငြိမ်ခဲ့သော ဒေါ်လာဈေးကွက်အခြေအနေအရ မတ်လတွင်အတိုးနှုန်း ၀.၄၈ % ချမည်ဟု မျှော်လင့်ရပြီး အကယ်၍ ဗဟိုဘဏ်ဥက္ကဌ Jerome Powell က အတိုးနှုန်းချရန် ဆုံးဖြတ်လိုက်ပါက အမေရိကန်ဒေါ်လာသည် အခြားအဓိကငွေကြေးများနှင့်နှိုင်းယှဉ်လျှင် အားနည်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားငွေကြေးဈေးကွက်ပညာရှင် Marc Chandler က G 10 နိုင်ငံများ၏ ဈေးနှုန်းသတ်မှတ်မှုတွင် များစွာဖြေလျှော့မှုများကြောင့် ငွေကြေးဈေးကွက်သည် တင်းကြပ်သောအခြေအနေများကို လက်မခံတော့ကြောင်း၊ လာမည့်သီတင်းပတ်များအတွင်း ငွေကြေး လမ်းကြောင်းများ ပြန်လည်မှန်ကန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ငွေကြေးရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဗဟိုဘဏ် (Federal Reserve Bank) အစည်းအဝေးဆုံးဖြတ်ချက်နှင့် အမေရိကန်၏ အခြားစီးပွားရးဆိုင်ရာအချက်အလက်များဖြစ်သည့် အလုပ်လက်မဲ့အခြေအနေ၊ လုပ်ခလစာအစီရင်ခံစာတို့ကိုလည်း စိတ်ဝင်စားကြ ကြောင်း HSBC ၏ နိုင်ငံခြားငွေ သုတေသနဌာနအကြီးအကဲ Paul Mackel က ပြောကြားခဲ့သည်။

ယခုအပတ်အတွင်း ယူရိုတန်ဖိုးသည် ၀.၀၅% ကျဆင်းခဲ့ပြီး တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ ၁.၀၈ ၄၇ ဈေးဖြင့်လည်းကောင်း၊ စတာလင်ပေါင်တန်ဖိုးသည် ၀.၀၄ % တက်ခဲ့ပြီး တစ်စတာလင်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁.၂၇၀၃ ဈေးဖြင့်လည်းကောင်း၊ ဂျပန်ယန်း တန်ဖိုးသည် ၀.၀၁ % တက်ခဲ့ပြီး အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၈.၁၄ ယန်း ဈေးဖြင့် လည်းကောင်း၊ ဩစတြေးလျဒေါ်လာတန်ဖိုးသည် ၀.၂၁ % တက်ခဲ့ပြီး ဩစတြေးလျ ၁ ဒေါ်လာ လျှင် အမေရိကန်ဒေါ်လာ ၀.၆၅၉ ဈေးဖြင့်လည်းကောင်း၊ နယူးဇီလန်ဒေါ်လာတန်ဖိုးသည် ၀.၁၈% တက်ခဲ့ပြီး နယူးဇီလန် ၁ ဒေါ်လာလျှင် အမေရိကန်ဒေါ်လာ ၀.၆၁၀ ဈေးဖြင့်လည်းကောင်း အသီးသီးဈေးနှုန်းပေါက်ခဲ့ပါသည်။

 

Source     :    Channel News Asia (CNA)

International Trade News

Pages