အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကုန်သွယ်ရေးကျွမ်းကျင်သူများက အိန္ဒိယနိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို သဘောတူလက်ခံခြင်းမပြုရန် တိုက်တွန်းထား

Tue, 08/22/2023 - 09:05 -- wtodep

ကုန်သွယ်ရေးကျွမ်းကျင်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်တစ်ချို့သည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝင်များ သဘောတူခဲ့သည့် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယနိုင်ငံက သဘောတူလက်ခံခြင်း မပြုရန်နှင့် ပြီးပြည့်စုံသော သဘောတူညီချက်တစ်ခု ထွက်ပေါ်လာစေရန်အတွက် တရားဝင်ဆွေးနွေးညှိနှိုင်းမှုများကိုသာ စတင်သင့်ကြောင်း တိုက်တွန်းထားမှုကို The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရာတွင် မူပိုင်ခွင့်ဆိုင်ရာ ယာယီကင်းလွတ်ခွင့်နှင့်အန္တရာယ် ရှိသော ငါးလုပ်ငန်းအထောက်အပံ့များကို ထိန်းချုပ်ခြင်းဆိုင်ရာ သဘောတူညီချက်များပါဝင်သည့်  “Geneva Package” ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် အသိအမှတ်ပြုခဲ့ပါသည်။

ငါးလုပ်ငန်းဆိုင်ရာသဘောတူညီချက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပင်လယ်ငါးဖမ်းလုပ်ငန်းများအတွက် တရားမဝင်ငါးဖမ်းခြင်း၊ စာရင်း ဇယားမရှိငါးဖမ်းခြင်းနှင့် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းမှုများကို တားမြစ်ထားပါသည်။ သို့သော် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ငါးအလွန်အကျွံဖမ်းခြင်းနှင့် ငါးပမာဏအလွန်အကျွံ တင်ပို့ခြင်းအပါအဝင် သဘောတူညီချက်၏အခြားသော ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုန်သွယ်မှုသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အချို့မှ အိန္ဒိယစီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Pipysh Goyal သို့ ပေးပို့လာသောစာအရ အဆိုပါမမျှတသည့် သဘောတူညီချက်ကို သဘောတူလက်ခံ ခြင်းမပြုရန်နှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံများအတွက်ပုဒ်မ ၅ တွင် ဖော်ပြထားသော ငါးအလွန်အကျွံဖမ်းခြင်းနှင့် ငါးပမာဏအလွန်အကျွံ တင်ပို့ခြင်းတို့အတွက် စည်းကမ်းသတ်မှတ်ချက်များ ပြဌာန်းနိုင်ရေးတရားဝင် ဆွေးနွေးညှိနှိုင်းမှများကိုသာ စတင်သင့်သည်ဟု တိုက်တွန်းထားပါသည်။

ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံကသဘောတူညီ မှသာ စတင်သက်ဝင်မည်ဖြစ်ပြီး၊ လက်ရှိ၌ အဖွဲ့ဝင် ၁၀ နိုင်ငံကျော်ကသာ သဘောတူလက်ခံထားကြောင်း၊ အိန္ဒိယနိုင်ငံနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် ထိုသဘောတူညီချက် အသက်မဝင်စေရေး ပေါင်းစည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများကသာ စီးပွားဖြစ်ငါးဖမ်းသင်္ဘောများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပိုမိုစျေးကွက်ဝင်ရောက်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အဆိုပါစာက ဖော်ပြထားသည်။

နိုင်ငံအများအပြား၏ ငါးလုပ်ငန်းဆိုင်ရာထောက်ပံ့ငွေ ဒေါ်လာသန်းပေါင်းများစွာအနက် အများစုကို စီးပွားဖြစ်ပင်လယ်ငါးဖမ်းလုပ်ငန်း များကို ထောက်ပံ့ပေးထားပြီး၊ အနည်းစုကိုသာ အသေးစားငါးဖမ်းလုပ်ငန်းများကို ထောက်ပံ့ပေးထားကြောင်း၊ သမိုင်းကြောင်း အရနှင့် အဓိကအားဖြင့် ဥရောပနှင့်မြောက်အမေရိကတို့တွင် လုပ်ကိုင်နေသော စီးပွားဖြစ်ပင်လယ်ငါးဖမ်းလုပ်ငန်းများ၏ ငါးအလွန်အကျွံ ဖမ်းမှုကြောင့်သာ ငါးသယံဇာတများ လျော့နည်းလာရခြင်းဖြစ်ပြီး၊ ၎င်းတို့တွင် တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖွံ့ဖြိုးပြီး နိုင်ငံများ၏ စီးပွားဖြစ်ငါးဖမ်းသင်္ဘောများကို  ကန့်သတ်ပေးရန် တောင်းဆိုထားကြသော်လည်း ၎င်းတို့မှ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်းကို အဆိုပါစာတွင် ဖော်ပြထားပါသည်။

ထပ်မံ၍ ဖွံ့ဖြိုးပြီးနိုင်ငံများက အများဆုံးအသုံးပြုသည့် ငါးလုပ်ငန်းကဏ္ဍအတွက် ထောက်ပံ့မှုမဟုတ်ဘဲ အထွေထွေထောက်ပံ့သည့် အနေဖြင့် လောင်စာဆီထောက်ပံ့ခြင်း (Non-specific Fuel Subsidies) များအပေါ် စည်းကမ်းချက်များ သတ်မှတ်ပေးရန် အိန္ဒိယ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများက တောင်းဆိုခဲ့ကြကြောင်း၊ အထောက်အပံ့ပေးမှု စုစုပေါင်းပမာဏတွင် ငါးလုပ်ငန်းအတွက် အထောက်အပံ့ ပေးမှုပမာဏကို နှိုင်းယှဉ်ပါက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကိန်းဂဏန်းများစွာ ကွာဟနေသော်လည်း အဆိုပါအချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်က အသိအမှတ်မပြုခဲ့ကြောင်း၊ အသေးစားငါးဖမ်းလုပ်ငန်းများ၏ ငါးလုပ်ငန်းရေရှည် စဉ်ဆက်မပြတ်တိုးတက်စေရေး အထောက်အကူပြုနိုင်မည့် နည်းလမ်းများကိုသာ လက်ခံရန် အစိုးရကိုလည်း အကြံပြုထားပါကြောင်း တို့ကို အဆိုပါစာတွင် ဖော်ပြထားပါသည်။

[အဆိုပါစာကို အမျိုးသားငါးဖမ်းလုပ်သားများဖိုရမ်၊ အသေးစားငါးဖမ်းလုပ်ကိုင်သူများအတွက် အမျိုးသားပလက်ဖောင်း၊ အိန္ဒိယငါးဖမ်း သမားများနှင့် ငါးလုပ်သားများအဖွဲ့ချုပ်၊ အိန္ဒိယသစ်တောလုပ်သားများသမဂ္ဂ၊ Biswajit Dhar၊ ထူးချွန်ပါမောက္ခတစ်ဦး၊ ဒေလီ လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ Bharat Patel၊ အထွေထွေအတွင်းရေးမှူး၊ Machimar Adhikar Sangharsh Samiti (MASS) နှင့် ဒေလီသိပ္ပံဖိုရမ်မှ  Gujarat Kamala Menon တို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်း ဖြစ်ပါသည်။]

Source: https://economictimes.indiatimes.com/news/economy/foreign-trade/civil-society-trade-experts-urge-india-not-to-ratify-wtos-agreement-on-fisheries-subsidies/articleshow/102084177.cms?from=mdr

International Trade News

Pages