အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေပြနေသော အိန္ဒိယ

Tue, 01/09/2024 - 04:07 -- wtodep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီမှ အောက်တိုဘာလ) အတွင်း အိန္ဒိယသည် အဓိကကုန်သွယ်ဖက်နိုင်ငံ (၉) နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ကုန်သွယ်မှုလိုငွေများ ပြခဲ့ပါသည်။

အိန္ဒိယသည် အကြီးဆုံးကုန်သွယ်ဘက် အမေရိကန်နှင့် အမေရိကန်ဒေါ်လာ ၁၉. ၅၉ ဘီလီယံ ကုန်သွယ်မှုပိုငွေ ပြခဲ့သော်လည်း ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သည့် တရုတ်နှင့်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅၁.၁၁ ဘီလီယံ ကိုလည်းကောင်း၊ တတိယအကြီးဆုံး ကုန်သွယ်ဘက် ယူအေအီးနှင့်ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ် လာ ၆.၈၃ ဘီလီယံ ကိုလည်းကောင်း၊ စတုတ္ထအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် ရုရှားနှင့်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၃.၅၆ ဘီလီယံကိုလည်းကောင်း အသီးသီး ရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အရာထမ်းတစ်ဦး၏အဆိုအရ ဟောင်ကောင်နှင့် ကုန်သွယ်မှုတွင်လိုငွေ အမေရိကန်ဒေါ်လာ ၇.၅၉ ဘီလီယံ၊ ဆော်ဒီအာရေဗျနှင့် ကုန်သွယ်မှုတွင်လိုငွေ အမေရိကန်ဒေါ်လာ ၁၁.၆၄ ဘီလီယံ၊ အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုတွင် လိုငွေ အမေရိကန်ဒေါ်လာ ၉.၁၂ ဘီလီယံ၊ အီရတ်နှင့် ကုန်သွယ်မှုတွင်လိုငွေ အမေရိကန်ဒေါ်လာ ၁၄.၂၄ ဘီလီယံ၊ စင်ကာပူနှင့် ကုန်သွယ်မှုတွင်လိုငွေ အမေရိကန်ဒေါ်လာ ၅.၅၁ ဘီလီယံ၊ တောင်ကိုရီးယားနှင့် ကုန်သွယ်မှုတွင်လိုငွေ အမေရိကန်ဒေါ်လာ ၈.၆၈ ဘီလီယံ အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယပို့ကုန်အသင်းချုပ်၏ အကြီးအကဲဖြစ်သူ Ajay Sahai က ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေး ဘက်စုံကျဆင်းနေမှုများကြောင့် အိန္ဒိယပို့ကုန်နှင့် ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် ၃ နှစ် အတွင်း အမေရိကန်၊ ဗြိတိန်အပါအဝင် အဓိကကုန်သွယ်ဘက် (၁၀) နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံ ပိုမိုတင်ပို့နိုင်ရေး မော်တော်ကား၊ လက်ဝတ်ရတနာ၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်အစိတ်အပိုင်း၊ ရေထွက်ကုန်၊ အဝတ်အထည်များ၊ ပိုးသတ်ဆေးများ၊ သံနှင့်သံမဏိများကို တိုးမြှင့်တင်ပို့နိုင်ရန် ဈေးကွက်မြှင့်တင်ရေးဗျူဟာများ ရေးဆွဲထားရန် အကြံပြုထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုတို့ကြောင့် အိန္ဒိယပို့ကုန်ကို ထိခိုက်ခဲ့ပြီး ကုန်သွယ်မှု ဆိုင်ရာကျွမ်းကျင်သူများက လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကလည်း အိန္ဒိယပို့ကုန်ကို တိုးမြှင့်နိုင်စွမ်း မရှိကြောင်း သုံးသပ်ခဲ့ကြပါသည်။

Source : https://economictimes.indiatimes.com

International Trade News

Pages