အငြင်းပွားမှုများအား အမျိုးအစားခွဲခြားရေးအစီအစဉ်ကို အိန္ဒိယက ကန့်ကွက်

Tue, 02/20/2024 - 03:55 -- wtodep

အိန္ဒိယနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံ (၄) နိုင်ငံဖြစ်သည့် အီဂျစ်၊ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ၌ အငြင်းပွားမှု ပြသနာများကို သာမန်အဆင့်၊ ခက်ခဲနက်နဲမှုအဆင့်၊ ပိုမိုခက်ခဲနက်နဲမှုအဆင့်ဟူ၍ အမျိုးအစား ခွဲခြားကာ ဖြေရှင်းရေး ဖွံ့ဖြိုးပြီးနိုင်ငံများက အလွတ်သဘောဆွေးနွေးနေမှုများကို ကန့်ကွက်ခဲ့ကြကြောင်း အိန္ဒိယ Business Standard သတင်းဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ရေးသား ဖော်ပြထားပါသည်။

အလွတ်သဘောဆွေးနွေးနေသည့် စနစ်အသစ်သည် အငြင်းပွားမှုများအတွက် မလိုလားအပ် သောကိစ္စရပ်များဖြစ်ပေါ်စေကြောင်း၊ အငြင်းပွားမှု၏ အဆင့်အမျိုးအစားကို ဆုံးဖြတ်ရန် ခုံသမာဓိအဖွဲ့ဝင်များအား အခွင့်အာဏာများပေးပြီး အငြင်းပွားနေသည့် နိုင်ငံများအား တောင်းဆိုနိုင်သည့်အခွင့်အရေး ကန့်သတ်ခြင်းသည် ခုံသမာဓိအဖွဲ့နှင့် စစ်ဆေးခြင်းအဆင့်တွင် ထိန်းချုပ်မှုအာဏာကို အငြင်းပွား နိုင်ငံများထံမှခုံဝင်များထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ် ကြောင်း အဆိုပါနိုင်ငံ (၅) နိုင်ငံက ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလကစ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် အငြင်းပွားမှုဖြေရှင်းရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် သဘောတူညီမှုရရှိရန် အမေရိကန်မှ ဦးဆောင်သည့် အလွတ်သဘောဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြ ပါသည်။

ဆွေးနွေးညှိနှိုင်းခြင်းနှင့် စီရင်ဆုံးဖြတ်ချက်ချခြင်းဟူ၍ အဆင့် (၂)ဆင့် ပါဝင်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး စနစ်သည် အမြင့်ဆုံးစီရင်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့် အဖွဲ့ဝင် (၇) ဦး ပါဝင်သော အယူခံအဖွဲ့တွင် အဖွဲ့ဝင်အသစ်များ ခန့်အပ်ခြင်းကို အမေရိကန်က ငြင်းပယ်ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှစ၍ ရပ်တန့်နေပါသည်။

လက်ရှိညှိနှိုင်းမှုများသည် အငြင်းပွားမှုဖြေရှင်းရေးစနစ်၏ သဘောသဘာဝကို လုံးဝပြောင်းလဲ စေကြောင်းနှင့် ယင်းအပြောင်းအလဲသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လိုလားချက်များကို  အထောက်အပံ့မပြုကြောင်း ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပါ သည်။

အများပြည်သူသို့ ချပြမထားသည့် အဆိုပြုချက်အသစ်တွင် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးတွင် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပေးရန်၊ ပြင်ပအကူအညီဖြင့် အငြင်းပွားမှု ဆုံးဖြတ်ချက် (Alternate Dispute Resolution–ADR) ကို လက်ခံရန်နှင့် စီရင်ချက်ချပြီးနောက် ၆ လအတွင်း လိုက်နာဆောင်ရွက်ရန်ကို အချို့ဖြစ်စဉ်များတွင် သင့်တင့်သောအချိန်ကာလ တစ်ခုလျှော့ချ သတ်မှတ်ပေးရန် (Reasonable Period of Time - RPT) တို့ ပါရှိပါသည်။

အမြန်အကောင်အထည်ဖော်ရပါက ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် စိုးရိမ်စရာဖြစ်ပြီး သမိုင်းကြောင်းအရ အဆိုပါ နိုင်ငံများသည် RPT ကို အနည်းဆုံး ၁၅ လ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ပိုမိုသာလွန်သော အခွင့်အရေးများပေးရမည်ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများတွင် အဖွဲ့ဝင်နိုင်ငံများ စိတ်ဝင်စားသည့် အယူခံအဖွဲ့ပြန်လည်ဖွဲ့စည်းရေးမပါဝင်ကြောင်း၊ အငြင်းပွားမှု၏ အဆင့်အမျိုးအစား သတ်မှတ်ခြင်းကို အယူခံအဖွဲ့အပါအဝင် အဆင့်(၂)ဆင့် ပါဝင်သော အငြင်းပွားမှုဖြေရှင်းရေးစနစ်ကို သဘောတူညီမှသာ ဆက်လက်ဆွေးနွေးသင့်ကြောင်း အဆိုပါနိုင်ငံ (၅) နိုင်ငံက ပြောကြားခဲ့မှုကို အိန္ဒိယ Business Standard သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

Source:https://www.business-standard.com/economy/news/india-opposes-plan-for-categorisation-of-dispute-cases-at-wto-124021301494_1.html

International Trade News

Pages