ယူကရိန်းပဋိပက္ခကာလကစ၍ ရုရှားရေနံစိမ်းကို ဈေးအသက်သာဆုံးနှုန်းဖြင့် အိန္ဒိယသို့ ဇွန်လတွင် တင်ပို့နိုင်ခဲ့ခြင်း

Tue, 08/22/2023 - 08:47 -- wtodep

လွန်ခဲ့သည့် တစ်နှစ်ကျော် ယူကရိန်းပဋိပက္ခကာလမှစ၍ အိန္ဒိယနိုင်ငံသို့ ရုရှားရေနံစိမ်းတင်ပို့မှု ပျမ်းမျှတန်ဖိုးသည် ဇွန်လတွင်အနိမ့်ဆုံး ဖြစ်ခဲ့ကြောင်း နယူးဒေလီသတင်းတွင် ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံ၏စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန် ခဲ့သော ကိန်းဂဏန်းများအရ ရုရှားလောင်စာဆီတစ်စည်၏ ဈေးနှုန်းသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က ပို့ဆောင်စရိတ်အပါအဝင် အမေရိကန်ဒေါ်လာ ၁၀၀.၄၈ ရှိခဲ့ပြီး၊ မေလတွင် အမေရိကန်ဒေါ်လာ ၇၀.၁၇ ရှိရာမှ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၆၈.၁၇ ထိ ကျဆင်း ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် မော်စကိုအား အနောက်နိုင်ငံများက သတ်မှတ်စေခဲ့သော အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၆၀ ထက် ဈေးကြီးသော်လည်း၊ ပို့ဆောင်မှုစရိတ် မပါဝင်ကြောင်း သိရှိရပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခကာလကတည်းက အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းတရုတ်နှင့်အပြိုင် ဈေးသက်သာသော ရုရှားရေနံစိမ်းကို ဝယ်ယူခဲ့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာပါသည်။ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC+) က ပို့ကုန်များလျှော့ချရန် ဆောင်ရွက် နေမှုကြောင့် လွန်ခဲ့သည့်နှစ်လအတွင်း အိန္ဒိယသွင်းကုန်များကျဆင်းခဲ့မှုသည် ဩဂုတ်လတွင် ထပ်မံကျဆင်းသွားဖွယ် ရှိနိုင်ကြောင်းကို Kpler ၏ အချက်အလက်များက ဖော်ပြထားပါသည်။ သို့သော်လည်း လေ့လာသုံးသပ်သည့် ကုမ္ပဏီများက တောင်အာရှနိုင်ငံများသို့ တင်ပို့မှုမှာ အောက်တိုဘာလတွင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ထင်မြင်ယူဆထားပါသည်။

အိန္ဒိယနိုင်ငံသည် ရုရှားရေနံစိမ်းကို ကုန်စည်ပို့ဆောင်ခ၊ အာမခံနှင့်အခြားကုန်ကျစရိတ် အမျိုးမျိုးပါဝင်သည့် CIF အရောက်ပို့စနစ်ဖြင့် ဝယ်ယူလေ့ရှိပါသည်။ ထို့ကြောင့် ရေနံစိမ်းများသယ်ယူပို့ဆောင်ရာတွင်  အမြင့်ဆုံးဈေးနှုန်းအထက် (သို့မဟုတ်) သတ်မှတ်ဈေးနှုန်း အောက်ဖြစ်ခြင်းကို ခွဲခြားထားခြင်းမရှိဘဲ ဖြစ်ပေါ်လာနိုင်သည့် သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်စားရမှုအားလုံးကို ရောင်းချသူကဖြေရှင်း ရမည်ဖြစ်ပါသည်။

အိန္ဒိယအစိုးရပိုင်းဆိုင်ရာ အချက်အလက်များအရ ဇွန်လတွင် အီရတ်နိုင်ငံမှ တင်သွင်းသည့် ရေနံစိမ်းသည် တစ်စည်လျှင် ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၆၇.၁၀ ဖြစ်ပြီး၊ ဆော်ဒီအာရေဗျနိုင်ငံမှ တင်သွင်းသည့် ရေနံစိမ်းသည် တစ်စည်လျှင် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁.၇၈ ဖြစ်ခြင်းကြောင့် ဈေးပိုမိုကြီးမားကြောင်း၊ အိန္ဒိယသည် ၎င်း၏ ရေနံဝယ်လိုအား ၈၈ ရာခိုင်နှုန်းကို ပြည့်မီရန်အတွက်သွင်းကုန် များအပေါ်တွင် မှီခိုနေရကြောင်းကို  Bloomberg ၏ သတင်းရင်းမြစ်များအရ သိရှိရပါသည်။

ရုရှားသည် ရေနံစိမ်းအား ဈေးတင်ရောင်းချခြင်းမပြုကဲ့သို့ လျှော့ဈေးဖြင့် ရောင်းချခြင်းကိုလည်း ထိန်းချုပ်ထားကြောင်း၊ ရုရှားနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ဈေးကွက်ကို ကျားကန်သည့်အနေဖြင့် ဝယ်လိုအားကို ထိန်းချုပ်ရန် ကတိပြုပြီးသည့်နောက်ပိုင်း ကမ္ဘာ့စံ သတ်မှတ်စျေးနှုန်းများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြင့်တက်လာခဲ့ကြောင်းကို ရေနံဝန်ကြီးဖြစ်သူ Hardeep Singh Puriက နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

Source:https://timesofindia.indiatimes.com/business/india-business/russian-oil-to-india-in-june-the-cheapest-since-war-in-ukraine/articleshow/102493703.cms?from=mdr

International Trade News

Pages