ဗီယက်နမ်ဗဟိုဘဏ်အနေဖြင့် ရွှေကို အသိအမှတ်ပြုလက်မှတ် (Gold Certificate) ထုတ်ပေး၍ ရောင်းချရန် တောင်းဆိုထား

Thu, 02/15/2024 - 03:43 -- wtodep

ဗီယက်နမ်အစိုးရအနေဖြင့် အများပြည်သူထံမှ ရွှေတန်ချိန် ၄၀၀ ကို ငွေသားအပ်ငွေစာရင်းကဲ့သို့ အတိုးနှုန်းရရှိနိုင်သည့် အသိအမှတ်ပြု လက်မှတ် (Gold Certificate) ထုတ်ပေး၍ ရောင်းချခွင့်ပြု သင့်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း ဗဟိုဘဏ်များက ရွှေကိုအသိအမှတ်ပြု လက်မှတ် (Gold Certificate) ထုတ်ပေးကာ ငွေလုံးငွေရင်းအဖြစ် စုဆောင်းမှုကို ခွင့်ပြုထားကြောင်းနှင့် Gold Certificate ရောင်းဝယ်ခြင်းကို တင်းကျပ်သောစည်းမျဉ်းစည်းကမ်းများ ချမှတ်ထားကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ထုတ် ဗီယက်နမ် သတင်းတွင် ဖော်ပြထားပါသည်။

ဗီယက်နမ်ရွှေရောင်းဝယ်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Huynh Trung Khanh က “ ရွှေကို လက်ဝယ်ကိုင်ဆောင်ထားမည့်အစား  ဗဟိုဘဏ်က ထုတ်ပေးထားသည့် အသိအမှတ်ပြု လက်မှတ်ဖြင့် ငွေကြေးဈေးကွက်တွင် ရောင်းဝယ်နိုင်ကြောင်း၊ အဆိုပါ နည်းလမ်းအပေါ် ဗီယက်နမ် ဗဟိုဘဏ် (State Bank of Vietnam-SVB) နှင့် အချိန်အတော်ကြာ ဆွေးနွေးထားခဲ့သော်လည်း စနစ်တကျနှင့် သတိကြီးစွာ ရေရှည်အကောင်အထည်ဖော်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ​ဗဟိုဘဏ်၏ လမ်းညွှန်ချက်ရရှိပါက ကမ္ဘာ့ရွှေကောင်စီနှင့် ဗီယက်နမ်ရွှေရောင်းဝယ်ရေး အသင်းတို့သည် ဗဟိုဘဏ်၊ အခြားတာဝန် ရှိသူများနှင့်ပူးပေါင်း၍ အသိအမှတ်ပြုလက်မှတ်ဖြင့် ရွှေများရောင်းဝယ်နေသည့် ရွှေဈေးကွက်များရှိသည့် အိမ်နီးချင်း စင်ကာပူနှင့်တရုတ်တို့သို့ သွားရောက်လေ့လာပြီး ဗီယက်နမ်တွင် ပြန်လည်အသုံးချနိုင်မည့် သင့်လျော်သည့်နည်းလမ်းများကို ရှာဖွေသုတေသနပြုလုပ်မည် ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။

ရွှေကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြင့် အများပြည်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေလက်ဝယ်ကိုင်ဆောင် ထားမှုကို လျှော့ချနိုင်မည့်အပြင် ရွှေကိုအတိုးအတွက် အပ်နှံထားနိုင်မည့်နေရာ တစ်ခုရရှိလာပြီး အစိုးရအနေဖြင့် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းပြည်ငွေကြေး စီးဆင်းမှု (Circulation) တွင် ရွှေကိုထည့်သွင်း တွက်ချက်နိုင်မည်ဖြစ်ပါသည်။

အများပြည်သူအနေဖြင့် လက်ရှိအချိန်တွင် ရွှေကိုသိမ်းထားရုံသက်သက် ဝယ်ယူကြခြင်းဖြစ်ပြီး အစိုးရက မများလှသောအတိုးနှုန်းဖြင့် ရွှေကိုသိမ်းထားပေးမည်ဆိုပါက အပ်နှံလာလိမ့်မည်ဟု ယုံကြည်ပါကြောင်းကို Khanh က ပြောကြားခဲ့ပါသည်။

Source:https://www.thestar.com.my/business/business-news/2024/02/06/calls-for-central-bank-to-issue-gold-certificates

 

International Trade News

Pages