ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလျင်မြန်ချောမွေ့ရေးသဘောတူညီချက် (IFD) တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများက MC13 ရည်မှန်းချက်များအား သဘောတူညီခဲ့

Thu, 02/22/2024 - 04:02 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၀ ကျော်ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလျင်မြန်ချောမွေ့ရေး သဘောတူညီချက်အသစ် (IFD) ကို မကြာမီကျင်းပတော့မည့် (၁၃)ကြိမ်မြောက်ဝန်ကြီးအဆင့် ညီလာခံ(MC13)တွင် အများပြည်သူသို့ ချပြသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါသဘောတူညီချက်ကို Marrakesh သဘောတူညီချက်အောက်တွင် ထည့်သွင်းပေးရန် တောင်းဆိုသွားမည်ဟု ဖေဖော်ဝါရီ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သဘော တူခဲ့ကြပါသည်။

ရင်းနှီးမြှုပ်နှံမှုလျင်မြန်ချောမွေ့ရေးသဘောတူညီချက်အသစ် (IFD) ၏ Plenary အစည်း အဝေးတွင် Coordinator များဖြစ်သည့် ချီလီနိုင်ငံသံအမတ်ကြီး Sofía Boza နှင့် ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး Jung Sung Park တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ကင်မရွန်း၊ အန်ဂိုလာ၊ မာလာဝီနှင့် မိုဇမ်ဘစ်တို့သည် အဖွဲ့ဝင်များအဖြစ်ပါဝင်လာရာ လက်ရှိတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် လေးပုံသုံးပုံနီးပါး ရှိလာပြီဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

အခြားအဖွဲ့ဝင်နိုင်ငံအများအပြားကလည်း သဘောတူညီချက်တွင်ပါဝင်ရန် စိတ်ဝင်စားကြောင်း၊ လာမည့်ရက်များအတွင်း သတင်းကောင်းများရရန် မျှော်လင့်ကြောင်း၊  သံအမတ်ကြီး ဘိုဇာက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ရေးသဘော တူညီချက်အသစ်တွင် ပါဝင်သူအများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ၂၅ နိုင်ငံလည်းပါဝင်သည်။

၆နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ရသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လျင်မြန် ချောမွေ့ရေးသဘောတူညီချက်အသစ်ကို ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် သဘောတူညီခဲ့ကြပြီး ပါဝင်လိုသူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ခေါ်ထားပါသည်။ အင်္ဂလိပ်ဘာသာနှင့် သဘောတူညီချက်အား ပြင်သစ်နှင့် စပိန်ဘာသာသို့ ပြန်ဆိုခြင်းမှာလည်း အပြီးသတ်နေပြီဖြစ် ပါသည်။

MC13 တွင် ယခုသဘောတူညီချက်ပါ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက ညှိနှိုင်းမှုများ ပြီးဆုံးပြီ ဖြစ်ကြောင်းနှင့် အများပြည်သူသို့ ချပြသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒရရှိရေး  သဘောတူညီချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တည်ထောင်သည့်သဘောတူညီချက်၏ နောက်ဆက်တွဲ ၄ အောက်တွင် ထည့်သွင်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးအဆင့်ကြေညာစာတမ်းတစ်ခုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

Source: www.wto.org

International Trade News

Pages