နိုင်ငံခြားကုမ္ပဏီများအတွက် ကမ္ဘာနှင့်အဝှမ်းကောက်ခံနေသော အနိမ့်ဆုံးအခွန် (Global Minimum Tax) စည်းမျဉ်း ချမှတ်လိုက်သည့် ဗီယက်နမ်နိုင်ငံ

Fri, 12/08/2023 - 06:14 -- wtodep

ကမ္ဘာ့နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံသူများအားဆွဲဆောင်ရန် အနိမ့်ဆုံးသတ်မှတ်ကောက်ခံနေသည့် နိုင်ငံစုံကုမ္ပဏီများ၏ ဝင်ငွေခွန် ၁၅% ကို ယှဉ်ပြိုင်နိုင်ရန် ဆုံးဖြတ်ချက်တစ်ခုကို ဗီယက်နမ်နိုင်ငံက ချမှတ်ခဲ့ပါသည်။ အမျိုးသားလွှတ်တော်၏ ၉၄ % က အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါသည်။

လက်ရှိတွင် ဗီယက်နမ်သည် ကော်ပိုရေးရှင်းကြီးများ၏ ဝင်ငွေခွန်ကို၂၀% သတ်မှတ်ကောက်ခံလျက် ရှိပါသည်။ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နိုဝင်ဘာလ ၂ ရက်နေ့ အစီရင်ခံစာအရ နိုင်ငံတကာကုမ္ပဏီကြီးများအပေါ် အခွန်ကင်းလွတ်ခွင့်နှင့်အခွန်ပြန် အမ်းငွေများကိုပါ ထည့်သွင်းတွက်ချက်ပြီး အခွန်နှုန်း ၁၀ % ကောက်ခံခြင်းသည် ထိရောက်မှုရှိကြောင်း ဖော်ပြထားပါသည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဥပဒေပြုလွှတ်တော်သို့ တင်ပြသည့် သီးခြားအစီရင်ခံရာတွင် အဆိုပါစည်းမျဉ်း အသစ်သည်နိုင်ငံ၏ တိုးတက်သော အခွန်စီမံခန့်ခွဲမှုစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိခြင်းကိုပြသပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ထားကြောင်း တင်ပြထားပါသည်။

ယခုစည်းမျဉ်းအသစ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၄၀ မှ ၂၀၂၁ ခုနှစ်ကတည်းက ထောက်ခံခဲ့သည့် ကမ္ဘာနှင့်အဝှမ်းကောက်ခံနေသော အနိမ့်ဆုံးအခွန်၏ စံချိန်စံညွှန်းနှင့် ကိုက်ညီပါသည်။ ဗီယက်နမ်အနေဖြင့် ကော်ပိုရေးရှင်းများအပေါ် ကျရောက်နေသည့် အခွန်ဝန်ထုပ်ဝန်ပိုးများကိုခုနှိမ်ရန် စဉ်းစားနေပြီး အဆိုပါနည်းလမ်းများတွင် အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ငွေကြေးထောက်ပံ့ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အတွက် ကုမ္ပဏီသို့တိုက်ရိုက်ပေးချေခြင်း သို့မဟုတ် အခွန်လျှော့ချခြင်းတို့ ပါဝင်ပါသည်။

ဥပဒေပြုလွှတ်တော်၏ဝက်ဘ်ဆိုဒ်၌ ဗုဒ္ဓဟူးနေ့လွှင့်တင်ခဲ့သည့် ကြေညာချက်တွင် အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာအနိမ့်ဆုံးအခွန်နှင့် အခြားရင်းမြစ်များမှရရှိမည့် ဝင်ငွေများကို ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တည်ငြိမ်စေရန်နှင့် ဗျူဟာမြောက်ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံစုံကော်ပိုရေးရှင်းများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ လိုအပ်သောနေရာများတွင် ကူညီနိုင်ရန် အစီအမံရေးဆွဲသင့်ကြောင်း အကြံပြုထားပါသည်။

ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် Apple International Corporation ၏ ထောက်ပံ့ပေးသွင်းသူများ (supplier)၊ Samsung Electronics Company အပါအဝင် နိုင်ငံခြားကုမ္ပဏီပေါင်း ၁၂၂ ခုခန့်သည် ကမ္ဘာနှင့်အဝှမ်းကောက်ခံနေသော အနိမ့်ဆုံး အခွန် သဘောတူညီချက်ကြောင့် သက်ရောက်မှုများရှိပြီး လာမည့်နှစ်တွင်ဗီယက်နမ် ဒေါင် ၁၄.၆ ထရီလီယမ် (အမေရိကန်ဒေါ်လာ ၆၀၂.၃ သန်း) ခန့် နိုင်ငံ့ဝင်ငွေအဖြစ် ဝင်ရောက်လာနိုင်ကြောင်း ပါလီမန်၏ သီးခြား ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

Source : Bloomberg

International Trade News

Pages