ငွေသားအထောက်အပံ့ပေးမှု လျှော့ချခြင်းကြောင့် နစ်နာနိုင်သည့် ဘင်္ဂလားဒေ့ရှ်အသင့်ချုပ်အဝတ်အထည်ကဏ္ဍ

Wed, 02/14/2024 - 03:55 -- wtodep

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) စာရင်းမှ လွတ်မြောက်တော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အကူးအပြောင်းအတွက် ပြင်ဆင်သည့် အနေဖြင့် အသင့်ချုပ်ပြီးအထည်များနှင့် သားရေအပါ အဝင် ကဏ္ဍ ၄၃ ခုကို ငွေသားထောက်ပံ့ခြင်းအား လျှော့ချခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ၊ ရုရှား-ယူကရိန်းနှင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲများသည် ကမ္ဘာ့စီးပွားရေးကို တင်းမာစေခဲ့သလို ဘင်္ဂလားဒေ့ရှ်၌လည်း ဒေါ်လာဈေးနှင့် သဘာဝဓာတ်ငွေ့အကျပ်အတည်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကုန်ကျစရိတ်များပြားခဲ့ပါသည်။ အဆိုပါအခက် အခဲကာလတွင် အစိုးရမှပို့ကုန်အပေါ် ငွေသားအထောက်အပံ့လျှော့ချရန် ဆုံးဖြတ်ချက်သည် အသင့်ချုပ်အဝတ်အထည် ကဏ္ဍကို ကြီးမားသော ဖိအားဖြစ်စေခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်၏ အဓိကပို့ကုန်ဖြစ်သည့် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ပိုင်ရှင်များက ယခုဆုံးဖြတ်ချက်သည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသောသက်ရောက်မှုရှိနိုင်ပြီး ဈေးကွက်အသစ်များရှာဖွေရန် အလားအလာနည်းပါးကြောင်း ပြောကြား ခဲ့ကြပါသည်။

ပို့ကုန်အပေါ် ငွေသားထောက်ပံ့မှုကိုလျော့ချခြင်း၏ အကျိုးသက်ရောက်မှုမှာ အနုတ်လက္ခဏာဖြစ်သော်လည်း ယခုဆုံးဖြတ်ချက်ကို အချိန်ကြာမြင့်စွာကတည်းက အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် သိသာသောအနုတ်လက္ခဏာရှိမည် မထင်ကြောင်း၊ လုပ်ငန်းရှင်များအနေ ဖြင့် ယခုကဲ့သို့ ငွေသားအထောက်အပံ့မူဘောင်မှ ကုန်ထုတ်လုပ်မှုနှင့်ထိရောက်မှုအခြေခံ စျေးကွက်များသို့ ပြောင်းရွှေ့သင့်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားပါသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်၏ ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ LDC နိုင်ငံများအဆင့်မှ လွတ်မြောက်သည့်အချိန်ရောက်မှ ပို့ကုန်အပေါ်ထောက်ပံ့မှုကို လုံးဝရုပ်သိမ်းပါက ပို့ကုန်ကဏ္ဍသည် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရနိုင်သောကြောင့် အစိုးရအနေဖြင့် ငွေသားအကူအညီ နှုန်း ထားများကို ကာလအလိုက် တဖြည်းဖြည်းလျှော့ချရန် ဆုံးဖြတ်ခဲ့​ကြောင်း ဖော်ပြထားပါသည်။

ယခင်က ပို့ကုန်လုပ်ငန်းရှင်များကို အားပေးရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စေ ရန်အတွက် ပို့ကုန်ဝင်ငွေ၏ ၁ % မှ ၂၀ % ခန့်ကို ငွေသားအကူအညီပေးခဲ့ကြောင်း၊  ကြေညာချက်အသစ်ထုတ်ပြန်ပြီးနောက် အမြင့်ဆုံး ၁၅ % နှင့် အနိမ့်ဆုံး ၀.၅ % ဟု ပြောင်းလဲ သတ်မှတ်ကာ လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၃-၂၀၂၄ ၏ လက်ကျန်ခြောက်လတွင် စတင်ကျင့်သုံး မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများအရ ပို့ကုန်အပေါ် အထောက်အပံ့ပေးခြင်းကို ဆောင်ရွက်၍မရပါ။ သို့သော်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်မှ ကူးပြောင်းသည့်အချိန်ရောက်မှသာ ငွေသားအထောက်အပံ့များကို ချက်ခြင်းရုပ်သိမ်းပါက ပို့ကုန် ကဏ္ဍတွင် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရနိုင်သောကြောင့်  အစိုးရကငွေသား အကူအညီကို ယခုနှစ်မှစ၍ တဖြည်းဖြည်းလျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိတွင် အထည်ချုပ်လုပ်ငန်း၏ကဏ္ဍခွဲများအတွက် ကွဲပြားသော မက်လုံးများပေးနေပြီး သတ်မှတ်အကောက်ခွန်နှုန်း (tariff Bound) နှင့် ပြန်လည်တင်သွင်းခွင့်ပြုခဲ့သော ပစ္စည်းများအပေါ် အခွန်နှုန်း (draw Back duty) များအစား ၃ %၊ ဥရောပသို့တင်ပို့သည့် အထည်အလိပ် ပို့ကုန်များအတွက် နောက်ထပ် ၁ %၊ သိုးမွှေးနှင့်ဆွယ်တာများထုတ်လုပ်သည့် အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းများအတွက် နောက်ထပ် ၄ %၊ ထုတ်ကုန်အသစ် သို့မဟုတ် စျေးကွက်အသစ်အတွက် ၃% နှင့် အသင့်ချုပ်အထည် ကဏ္ဍအတွက် ၀.၅ % နှုန်းဖြင့် အထူး ငွေသားပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဩစတေးလျ ၊ အိန္ဒိယနှင့် ဂျပန်စသည့် အဓိကပို့ကုန်စျေးကွက်သစ် ၃ ခုသို့ တင်ပို့မှုအတွက် ထောက်ပံ့မှုနှုန်း ၄ % နှင့် ငွေသား အကူအညီနှုန်းသည် ၀.၅ % သတ်မှတ်ထားပါသည်။

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်နှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (Bangladesh Garment Manufactures and Exporters Association-BGMEA) ၏ ဥက္ကဋ္ဌ Faruque Hassan က အစိုးရ မှ အထောက်အပံ့မပေးတော့မည့် HS (Harmonized System) ကုဒ် ၅ ခု အနက် အဝတ်အထည်မှာ အဓိကပို့ကုန်ဖြစ်ကြောင်း၊နိုင်ငံတကာအမှာစာများနည်းပါးခြင်း၊ နိုင်ငံခြားငွေရှားပါးခြင်းတို့ကြောင့် ပြည်တွင်းသို့ ဒေါ်လာဝင်ရောက်ရန် နည်းလမ်းများကို စဉ်းစားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအရန်ငွေသည် LC များဖွင့်ရန် အခက်အခဲရှိနေသည်အထိ လျော့ကျသွားပါကြောင်း၊ သွင်းကုန်တင်သွင်းရန်ခက်ခဲနေသဖြင့် အထောက်အပံ့ပေးမှုများအားမလျှော့ချရန် အစိုးရကို တောင်းဆိုခဲ့သော်လည်း လက်မခံခဲ့ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်သိုးမွေးထည်ထုတ်လုပ်သူနှင့် တင်ပို့သူများအသင်း (Bangladesh Knitwear Manufactures and Exporters Association – BKMEA) ၏ အမှုဆောင်ဥက္ကဋ္ဌMohammad Hatem ကလည်း ခက်ခဲသည့်အခြေအနေများတွင် စီးပွားရေးကမောက် ကမဖြစ်၍ ပို့ကုန်ကဏ္ဍလျော့ကျနေရာ အစိုးရအနေဖြင့် အထောက်အပံ့များကိုမလျှော့ချသင့်ကြောင်းနှင့် အချို့ ကိစ္စရပ်များတွင် ကင်းလွတ်ခွင့်များပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

BKMEA ၏ ဒုတိယဥက္ကဋ္ဌ Fazle Shamim Ehsan က အစိုးရက တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန် တွန်းအားပေးနေသော်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် ငွေသားပံ့ပိုးမှုကို ရုပ်သိမ်းနေခြင်းကို လုံးဝလက်မခံနိုင်ပါကြောင်း၊ BGMEA ၏ဒုတိယဥက္ကဋ္ဌ Md. Nasir Uddin က အသေးသုံးစရိတ်များ၊ လုပ်ခလစာများနှင့် ဘဏ်တိုးနှုန်းများတိုးလာချိန်တွင် အစိုးရကအထောက်အပံ့များကို ရပ်နားလိုက်ပါက အထည်ချုပ်ကဏ္ဍသည် ဖိအားများနှင့်ရင်ဆိုင်နေရကြောင်းကို မီဒီယာများသို့ပြောကြားခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် အသင့်ချုပ်အထည်များ (Ready Made Garment) ဆိုင်ရာဝက်ဘ်ဆိုက်တွsင် ဆောင်းပါးအဖြစ် ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

Source: RMG Bangladeshi

International Trade News

Pages