ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တီမောလက်စ်နိုင်ငံဝင်ရောက်ရေး အဖွဲ့ဝင်နိုင်ငံများထောက်ခံခဲ့

Wed, 01/24/2024 - 03:30 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တီမောလက်စ်နိုင်ငံဝင်ရောက်ရေး ညှိနှိုင်းနေသော စေ့စပ်ညှိနှိုင်းရေးမှူး များက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တူညီဆန္ဒနှင့် ထောက်ခံခဲ့ကြပြီး ဝန်ကြီးများ၏ ထောက်ခံမှုရရှိရန် အဖွဲ့ဝင်ဖြစ်မြောက်ရေး ကတိကဝတ်အတွဲ (Accession Package) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ အဘူဒါဘီတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက်ဝန်ကြီး အဆင့်ညီလာခံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဂျိုဟာနာဟေးလ်က ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) နိုင်ငံများဖြစ်သည့် အာဖကန်နစ္စတန်နှင့် လိုက်ဘေးရီးယားတို့ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များအဖြစ် ၂၀၁၆ ခုနှစ်တွင် လက်ခံပြီးနောက် ၇ နှစ်အကြာတွင် အာဖရိက LDC နိုင်ငံဖြစ်သည့် ကော်မိုရိုစ်နှင့်အာရှ LDC နိုင်ငံဖြစ်သည့် တီမောလက်စ်တို့အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရန် အားထုတ်ခဲ့သည့် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေးလုပ်ငန်းအဖွဲ့ (Working Party on Accession) ၏ အောင်မြင်မှုများကို အသိအမှတ်ပြုပါကြောင်း၊ နောက်ထပ် ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) နှင့် အားနည်းပြီး ပဋိပက္ခများရှိသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါအချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပတ်သက်ဆက်နွယ်မှုနှင့် စွဲဆောင်မှုတို့ကို နိုင်ငံတကာအသိုင်းအဝန်းသို့ ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ (ကော်မိုရိုစ်သည် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ညှိနှိုင်းမှုများကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး တီမောလက်စ်သည် ညှိနှိုင်းမှုများကို ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်မှ စတင်ခဲ့ပါသည်။)

တီမောလက်စ်၏ နောက်ဆုံးညှိနှိုင်းမှုများတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည့် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး မီဂလ်မာနက်တယ်လူက အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုများကို ကျေးဇူးတင်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက်ပိုင်းတွင်လည်း အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိုလည်း တစ်ပြိုင်နက်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌဖြစ်သူ ပေါ်တူကီနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ရူရီမာဆီရေးဒါကလည်း ညှိနှိုင်းမှုများအတွင်း ပံ့ပိုးပေးခဲ့သည့် နည်းပညာနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးအကူအညီများကို အသိအမှတ်ပြုခဲ့ပြီး အထွေထွေကောင်စီ ဥက္ကဌဖြစ်သူ ဘော့်ဆွာနာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် အသာလီယာမိုလိုကွမ်းက (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံသို့ တင်ပြမည့် ကတိကဝတ်အတွဲလိုက်မှာ အဆင်သင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

Source: www.wto.org

International Trade News

Pages