အရည်သွေးကောင်းသရက် ဈေးကောင်း ရနိုင်သော်လည်း ဆေးတို့သရက် ဈေးကွက်ဖျက်၏

Tue, 05/07/2013 - 06:52 -- admin

ဟိုအရင်က သရက်သီးဆိုတာ သြင်္ကန်ပြီးမှ ကောင်းကောင်းရင့်ပြီး ကောင်းကောင်း မှည့်လေ့ရှိပါတယ်။ အစောဆုံး မှည့်ရင်လည်း အခါတွင်း တစ်လုံးစ နှစ်လုံးစ အစမ်းမှည့်တာ လောက်ပဲရှိခဲ့တာပါ။ အခုတော့ ရာသီကို ပြောင်းလဲ နည်းပညာနဲ့ ပြုပြင်စားသုံးသူကို မျက်လှည့်ပြပြီး ဈေးကောင်းရရှိရေးအတွက် မန်းဈေးကွက်ကို ဆေးတို့သရက် စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပေါင်းလပြည့် ကျော်ကစပြီး၊ ကူမဲမြို့နယ်ဘက်က စိန်တလုံးဆေးတို့သရက် ဝင်ရောက်မှု ဟာ တစ်ရက်တောင်း ၁၀ တောင်း (တန်ဝက်ခန့်) ဝင်ရောက်ပြီး အရွယ် အားဖြင့် ၄ လုံး တစ်ကီလိုခန့်၊ တစ်လုံး ကို ၂၀၀ ကျပ်နှုန်းနဲ့ ဈေးဖွင့်နေပြီလို့ သိရပါတယ်။ စီးပွားရေးလောဘသမားတွေရဲ့ လွဲမှားတဲ့ နည်းပညာကြောင့် ဆေးတို့ခြင်းကို ငှက်ပျောသီးကစခဲ့ပြီး၊ အခုနောက်ပိုင်း လိမ္မော်သီး၊ သရက်သီး၊ ခရမ်း ချဉ်သီးအထိ သစ်သီးစုံဆေးတို့ပြီး ဈေးကွက်ကို စောစောဝင်ရောက်နေကြပါတယ်။ အတွေးမှား အသိမှားနဲ့ ဈေး ကွက်စောရင် ဈေးကောင်းရမယ်လို့ ခံယူနေတဲ့ ခြံရှင်တွေ၊ တောင်သူတွေဆီ အရည်အသွေးကောင်းမှ ဈေးကောင်းရ မယ်ဆိုတဲ့ အသိပညာ ဗဟုသုတတွေ ရရှိစေဖို့ အရည်အသွေးကောင်း သရက် ထွက်ရှိလို့ အိတ်စွပ်နည်းပညာ သီးထိုး ယင်ကိုကာကွယ်နှိမ်နင်းခြင်း၊ သရက် သီးအလေအလွင့် နည်းပါးအောင် သရက်ပျဉ်ထုတ်လုပ်ကြရအောင် သစ်သီးဝလံများနဲ့ အီသလင်းဓါတ်စတဲ့ နည်းပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေရင်း မန္တလေးတိုင်းဒေသ ကြီး ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ထမ်း များ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း များနဲ့ သရက်သီးအစုအဖွဲ့ဝင်များ သစ်သီးဝလံအသင်းမှ  ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ ဝင်များ ပူးပေါင်းပြီး ကွင်းဆင်း ဆောင် ရွက်ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ ပါတယ်။ သို့ပေမယ့်လည်း ရောင်းတဲ့  သူက ရောင်း၊ ဝယ်တဲ့သူက ဝယ်၊ စားတဲ့သူက စားနဲ့ သရက်ရာသီအစ ဈေးဦးပေါက်မှာ ဆေးတို့သရက် ပန်းပန် လျက်ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ရိုးသားတဲ့ တောင်သူတွေကို မှန်ကန်တဲ့ နည်းပညာအသိ ပညာတွေ ပေးရမယ့်အစား မမှန်ကန်တဲ့ နည်းလမ်းနဲ့ဈေးကွက်ဈေးကောင်း ရရှိ ရေးအတွက် ခါတော်မီနည်းပညာပေး တဲ့သူတွေကို ပြောပြချင်ပါတယ်။ ဆေး တို့သရက်ကြောင့် ပြီးခဲ့တဲ့နှစ်က မူဆယ် ဈေးကွက် ပျက်ခဲ့ရပြီး၊ တောင်သူတွေ ဈေးနှိမ်ခံခဲ့ရတာ မှတ်မိကြမှာပါ။ အဲဒီရဲ့ အကျိုးဆက်က ပြည်တွင်းဈေးကွက် မှာပါ  ပိုလျှံမှုတွေဖြစ်ကုန်လို့ အလေအ လွင့်ဆုံးရှုံးမှုများခဲ့ရတဲ့ သာဓကတွေရှိ ခဲ့ပါတယ်။ အဲဒီက ဆက်ကြည့်ရင် သရက်ခြံရှင်တွေ ဝင်ငွေလျော့နည်းခဲ့ပြီး၊ ပြည်ပပို့ကုန်ဝင်ငွေမှာ ယခင်နှစ်တင်ပို့တဲ့ တန်ချိန် ပမာဏနဲ့တူညီသော်လည်း တန်ဖိုးငွေလျော့နည်းခဲ့တာတွေ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီးရဲ့ သရက်သီး ထွက်ရှိမှု ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၃ ပုံ ၂ ပုံခန့်ထွက်ရှိပါတယ်။ ကျောက် ဆည်ခရိုင် ဟန်မြင့်မိုရ်ရွာထွက် စိန် တလုံး သရက်သီးဟာလည်း တိုင်း ဒေသကြီးရဲ့ Trade  Mark တစ်ခုဖြစ် ပါတယ်။ ဒါကြောင့် ဒီလိုအရည်အသွေး ကောင်း သရက်အများဆုံး ထွက်ရှိတဲ့ တိုင်းဒေသကြီးရဲ့ သိက္ခာကို ထိန်းဖို့ လိုသလို ပြည်တွင်းပြည်ပဈေးကွက် မပျက်ဖို့၊ ပြည်ပတင်ပို့မယ့် သရက်သီး များ တို့ဆေးကြောင့် ဈေးဦးမလန်စေဖို့ ဝိုင်းဝန်းထိန်းသိမ်းရမှာကတော့ သက် ဆိုင်ရာ ဌာနများနဲ့ သစ်သီးဝလံအသင်း အဖွဲ့များ ပူးပေါင်းမှုအား လိုအပ်သလို တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုလည်း လိုအပ်မယ်လို့ မျှော် လင့်မိပါကြောင်း တင်ပြလိုက်ပါတယ်။
ခင်မြင့်မြင့်သန်း - မန္တလေး

Local Trade News

Pages