အထွက်နည်း၊ အသုံးလိုလို့ ဈေးပိုရလာတဲ့ ပဲပုပ်စေ့

Tue, 05/07/2013 - 08:18 -- admin

ပဲပုပ်စေ့ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဒေသ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းစတဲ့ ချင်းတွင်း လိုင်း၊ ဂန့်ဂေါ၊ ယောစတဲ့ ယောဒေသနဲ့ မြင်းမူ၊ မြောင်နယ်တွေမှာ အများဆုံး စိုက်ပျိုးကြပြီး၊ ထွက်ရှိတဲ့ပဲပုပ် အများစုဟာ မုံရွာကုန်စည်ဒိုင်မှာ အခြေပြုပြီး ပေါက်ဈေးအစုံစုံနဲ့ ရောင်းဝယ်လျက်ရှိ ကြပါတယ်။ မနှစ်က ကာလတူ မုံရွာကုန်စည်ဒိုင် ပဲပုပ်စေ့ပေါက်ဈေးမှာ ဧပြီလအတွင်း တစ်တင်း အနိမ့်ဆုံး ၁၁၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၄၂၀၀ ကျပ်သာရှိခဲ့ပေမဲ့ ယခုနှစ်ဧပြီလမှာနှစ်ဟောင်းကာလအတွင်း တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ရှိခဲ့ရာက နှစ်ဆန်းဈေး ကွက်မှာ တစ်တင်း ၂၁၁၀၀ ကျပ်ထိ အမြင့်ဆုံး ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်နဲ့သဘာဝအရယခုနှစ် ပဲပုပ်စေ့အထွက်လျော့ခဲ့ကာ ကုန်သည် လက်ဝယ် လက်ကျန်နည်းနေချိန်မှ ဝယ်လိုအားကောင်းခဲ့လို့ အခုလိုတက် ဈေးရခြင်းဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲပုပ်စေ့ ဈေးကွက်ရဲ့ လောလောဆယ် ဝယ်လက်များမှာ ဒေသတွင်း ပဲငပိလုပ်ငန်း၊ တိရစ္ဆာန် အစားအစာ လုပ်ငန်းနဲ့ တရုတ်ပြည်အတွက် မန်းဝယ်လက်တွေ ဖြစ်ကြပြီး၊ တစ်ရက်ရောင်းဝယ်မှုအနေနဲ့ အိတ် ၂၀၀ မှ ၅၀၀ ကြားရှိနိုင်တယ်လို့ ကုန်သည်ပွဲစားများရဲ့ မှန်းဆချက်အရ သိရှိရပါတယ်။      
ထွန်းလှိုင်-မုံရွာ

Local Trade News

Pages