သြင်္ကန်အပြီးဈေးမာနဲ့ အရောင်းအဝယ်သွက်တဲ့ မန်းကုန်စည်ဒိုင်မှ V2 နဲ့ ထိုင်ဝမ်

Tue, 05/07/2013 - 07:59 -- admin

နှစ်စဉ်ကုလားပဲတန်ချိန် ခုနှစ်သောင်းကျော် ဝယ်ယူ ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)ကို မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ ချောက်၊ ရေနံချောင်းအစရှိတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။
သြင်္ကန်မတိုင်မီ အရောင်းအဝယ်ဖြစ်တဲ့ ကုလားပဲများရဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကုလားပဲဖြူကြီး (V2)တစ်ပိဿာ ၉၆၁ ကျပ် (တစ်တန် ၅၈၈၅၀၇ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၆၀၀ ခန့်၊ ကုလားပဲ ထိုင်ဝမ်တစ်ပိဿာ ၉၆၉ ကျပ်(တစ်တန် ၅၉၃၄၀၆ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ရှိခဲ့ ပြီး၊ အဆိုပါ ပဲနှစ်မျိုးကိုနေ့စဉ် အိတ် ၁၂၀၀ ခန့် (၁၁၁ တန်ကျော်) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု သြင်္ကန်ရက် ပြီးဆုံးချိန်မှာ အရောင်းအဝယ်ဖြစ်တဲ့ V2 နဲ့ ကုလားပဲထိုင်ဝမ်များရဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ် တဲ့ ပမာဏမှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၁၀၂၂ ကျပ် (တစ်တန် ၆၂၅၈၆၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၈၀၀ ကျော်၊ ကုလားပဲ ထိုင်ဝမ် တစ်ပိဿာ ၁၀၁၃ ကျပ် (တစ်တန် ၆၂၀၃၅၂ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ၎င်းပဲနှစ်မျိုး စုစုပေါင်းအိတ် ၁၈၀၀ ကျော်( ၁၆၇ တန်နီးပါး)အရောင်းအဝယ်ဖြစ်လို့ သြင်္ကန်မတိုင်မီနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
သြင်္ကန်မတိုင်မီ V2 နဲ့ ကုလားပဲထိုင်ဝမ် ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်မှုကို သြင်္ကန်အပြီး အရောင်းအဝယ် ဖြစ်မှုနဲ့ ဈေးနှုန်းကိုနှိုင်းယှဉ်ကြည့်တဲ့အခါ ဈေးနှုန်းရော အရောင်းအဝယ်ပါ မြင့်တက်လာပါတယ်။ ကုလားပဲဖြူကြီး (V2) တစ်ပိဿာ ၆၁ ကျပ် (တစ်တန် ၃၇၃၅၆ ကျပ်)၊ ကုလားပဲ ထိုင်ဝမ် တစ်ပိဿာ ၄၄ ကျပ် (တစ်တန် ၂၆၉၄၅ ကျပ်)စီ အသီးသီးမြင့်တက်သလို အရောင်းအဝယ်ဖြစ်မှုမှာလည်း နေ့စဉ်ပဲနှစ်မျိုးပေါင်း သုံးတင်းအိတ် ၆၀၀ ခန့် ပိုမို အရောင်း အဝယ်ဖြစ်ပါတယ်။ ဒေသတွင်း ပဲခွဲစက်များမှ ပုံမှန်ဝယ်ယူမှု ရှိသလို ရန်ကုန်ဝယ်လက်မှ အဆွဲရှိတဲ့ အတွက် ဒေသတွင်း လှောင်လက်များမှ အရောင်းရောအဝယ်ပါ လုပ်ကိုင်ကြလို့ မန်းကုန်စည်ဒိုင်အတွင်းမှာ V2 နဲ့ ကုလားပဲထိုင်ဝမ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လှောင်လက်ကုန်သည်ကြီး တစ်ဦးက ပြောပါတယ်။
စိုးအောင် - မန္တလေး

Local Trade News

Pages