သခွားမွှေးနဲ့အပြိုင် ဈေးမြောက်လာတဲ့ ထုပ်ပိုးစက္ကူ

Tue, 05/07/2013 - 07:38 -- admin

ယခုအချိန်ဟာ ချောင်းဦးမြို့နယ်ရှိ မင်းတည်၊ မင်းခေါင်၊ မထိသာစတဲ့ ကျေးရွာတွေက သခွားမွှေး၊ ဖရဲသခွားမွှေးတွေ မူဆယ်ဈေးကွက်ကို ဆက်လက်တင်ပို့မှု အားကောင်းနေသလို တင်ပို့ရာမှာ အဓိကထုပ်ပိုး ပစ္စည်းဖြစ်တဲ့ "ဘားပြာ" ခေါ် ၈ ခေါက်ချိုးဆိုဒ်ကြီး စက္ကူတွေလည်း ရောင်းအားကောင်းလို့ ပစ္စည်းပြတ်သလောက် ရှားသွားခဲ့တယ်လို့ သခွားမွှေးတောင်သူ တွေ ပြောပါတယ်။ ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာဝန်းကျင် တစ်ဝိုက်က ယခုနှစ် စိုက်ခဲ့ကြတဲ့ ဖရဲသခွားနဲ့ သခွားမွှေး စိုက်ဧကဟာ ၃၀၀၀ နီးပါးရှိခဲ့ပြီး၊ ထုပ်ပိုးစက္ကူလိုအပ်ချက် အနေနဲ့ သခွားမွှေးတစ်လုံးအတွက် "ဘားပြာ" စက္ကူ ၁ ရွက်ခွဲနှုန်းနဲ့ တစ် ဧက အလုံး ၅၀၀၀ အတွက်စက္ကူ ၇၅၀၀ ရွက်လိုပါမယ်။ ၁၀ ပိဿာအထုပ် တစ်ထုပ်မှာ ရွက်ရေ ၅၀၀ ရှိတဲ့အတွက် တစ်ဧကအလုံး ၅၀၀၀ အတွက် "ဘားပြာ" စက္ကူ ၁၅ ထုပ်လိုပါတယ်။ တစ်ထုပ် အချိန် ၁၀ ပိဿာနှုန်းနဲ့ တစ်ဧက စက္ကူ ၁၅၀ ပိဿာ လိုအပ်ပါတယ်။ ဈေးကွက်မှာ ဘားပြာစက္ကူ ၁၀ ပိဿာ တစ်ထုပ်ကို ယခင်က လက်ကားဈေး ၆၅၀၀ ကျပ် - ၇၀၀၀ ကျပ်ရှိရာက ယခုအခါ ၉၀၀၀ ကျပ် - ၁၀၀၀၀ ကျပ်ထိ ဈေးမြင့်လာတဲ့အတွက် တစ်ဧကအတွက်ဆိုရင် စက္ကူဖိုး ကျပ်တစ်သိန်းခွဲခန့် ကုန်ကျပါတယ်။ ယခုအခါ စက္ကူစက်နဲ့ စက္ကူဈေးကွက်မှာ "ဘားပြာ" ပစ္စည်းပြတ်သလောက်ဖြစ်နေလို့ အမျိုးအစားကောင်းပြီး၊ ဈေးမြင့်တဲ့ "ဘားဖြူ" ကို မဖြစ်မနေ ဝယ်ယူသုံးစွဲကြရတယ်လို့ ဆိုပါတယ်။ လောလောဆယ်ဈေးကွက်မှာတော့ ဘားဖြူစက္ကူ ၁၀ ပိဿာ အရွက် ၅၀၀ ပါ တစ်ထုပ်စက်ရုံဈေး ၉၅၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်ထိရှိပြီး၊ တောင်သူလက်ဝယ် အရောင်းတစ်ထုပ် ၁၂၅၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်ထိ ဈေးပေါက်နေတယ်လို့ သခွားမွှေး တောင်သူတွေက ဆိုပါတယ်။ ဘားဖြူစက္ကူမှာ ဘားပြာထက် ဈေးပိုပေမယ့် အသုံးပြုရာမှ သခွားမွှေးတစ်လုံး၊ ထုပ်ပိုးဖို့ တစ်ရွက်နဲ့ပြီးလို့ တစ်ဧကအတွက်ရွက်ရေ ၅၀၀၀ သာလိုအပ်သလို စက္ကူအသုံးထက်ဝက်ခန့် သက်သာပြီး၊ စက္ကူသားကောင်းလို့ သစ်သီးလုံခြုံစိတ်ချရတဲ့အတွက် ဈေးမြင့်ပေမယ့် ဝယ်ယူသုံးစွဲမှု အားကောင်းလျက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။ လက်ကျန်ဆွတ်ဖို့ရှိတဲ့ သခွားမွှေးတောင်သူအများစုကတော့ ယနေ့အထိ မူဆယ် ဈေးကွက်မှာ သခွားမွှေး တစ်ကီလို ၅ ယွမ်ဝန်းကျင်ထိ ဈေးကောင်းရနေတဲ့အတွက် စက္ကူဈေးကြီးမှုကို မမြော်မြင်ဘဲ သစ်သီးထုပ်ပိုးမှု အဆင်ပြေဖို့ ယခုလို စက္ကူဝယ်လိုအားကောင်းကာ ဈေးမြောက်နေခြင်းဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။               
ထွန်းလှိုင် - မုံရွာ

Local Trade News

Pages