CLMV စီးပွားရေးဝန်ကြီးများသည် ၂ နှစ်တာအစီအစဉ်ကိုအတည်ပြု

Thu, 09/29/2022 - 10:12 -- egovernment

၁။      ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံတို့မှ စီးပွား‌ရေးဝန်ကြီးများသည် ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးပြန်လည်ထူထောင်နိုင်‌မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ကို အတည်ပြုလိုက်ပြီဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ Siem Reap ခရိုင်၌ ကျင်းပပြုလုပ်ခဲ့သည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်အတူ ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

၂။       ဝန်ကြီးများသည် ကဏ္ဍ ၆ ခုပါဝင်သည့် CLMV လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ (The CLMV Action Plan 2023-2024) ကို အတည်ပြုခဲ့ကြပါကြောင်း၊ အဆိုပါကဏ္ဍ (၆) ခုမှာ (၁) ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ (၂)  ဒစ်ဂျစ်တယ်  စီးပွားရေး ၊ (၃) ဒေသတွင်းကတိကဝတ် များအား အကောင်အထည်ဖော်ရေး၊ (၄) ကပ်ရောဂါအပြီးပြန်လည်ထူထောင်မှုအစီအစဉ်၊ (၅) CLMV နိုင်ငံများ ဖွံ့ဖြိုးမှုမူဘောင် အကောင်အထည်ဖော်ရေးအစီအစဉ်နှင့် (၆) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးတို့ဖြစ်ပါကြောင်း၊ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေးအရာရှိများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအား အချိန်မီအကျိုးသက်ရောက်မှုရှိစွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေး ကြီးကြပ်ကွပ်ကဲပေးရန်ညွှန်ကြားခဲ့ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က Xinhua သတင်းဌာနကို ပြောကြားခဲ့ပါ သည်။

၃။    CLMV နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် အလယ်အလတ်အဆင့်ဝင်ငွေရှိသော နိုင်ငံများဖြစ်လာစေရန် အတွက် ၎င်းတို့၏ ၂၀၃၀ မျှော်မှန်းချက်အား အောင်မြင်ပြီးမြောက်စေရေးကို အထောက်အကူဖြစ်စေမည့် CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင် အကောင်အထည်ဖော်ရေးအစီ အစဉ်ကိုလည်း ဝန်ကြီးများမှ အတည်ပြုခဲ့ကြပါသည်။

၄။     အဆိုပါ အကောင်အထည်ဖော်ရေးအစီအစဉ်ကို ၂၀၃၀ ပြည့်နှစ်အထိ ရေးဆွဲထားခြင်းဖြစ်ပြီး (၂၀၂၃-၂၀၂၆) ပထမအဆင့်နှင့် (၂၀၂၇-၂၀၃၀) ဒုတိယအဆင့်ဟူ၍ ၂ ပိုင်းခွဲပြီး အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

၅။    အကောင်အထည်ဖော်ရေးအစီအစဉ်သည် ဖွံ့ဖြိုးမှုမိတ်ဖက်များ ၊ ပုဂ္ဂလိကကဏ္ဍနှင့်ပရဟိတအဖွဲ့အစည်းများနှင့်အတူ နိုင်ငံအဆင့်၊ ဒေသခွဲနှင့် ဒေသဆိုင်ရာအဆင့် ပြင်ပနည်းပညာအကူအညီများနှင့်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များဖြင့် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ လိုက်လျောညီထွေရှိစေခြင်းများ ကို ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

၆။  ဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၇။     သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ရေးအစီအစဉ်ပါ လုပ်ငန်းစဉ်ကဏ္ဍ (၆) ခု တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိရောက်စွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

ရင်းမြစ် - https://english.news.cn/20220917/937a2d08dadd40bd9f3c5c07d00235f7/c.html