လားရှိုး- မန္တလေး လမ်းကြောင်းပေါ်တွင် တရားမဝင် ကုန်သွယ် သွားလာမှုများအား ဖော်ထုတ်တွေ့ရှိ

Tue, 05/14/2013 - 03:48 -- admin

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 11:42 AM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့များ ဖွဲ့စည်းပြီး မူဆယ်- မန္တလေး လမ်ကြောင်းပေါ်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၁)အား လည်းကောင်း၊ မြဝတီ- ရန်ကုန် လမ်းကြောင်းပေါ်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၂)အား လည်းကောင်း ထားရှိကာ တရားမဝင် ကုန်သွယ်မှုများအား စစ်ဆေး ဆောင်ရွက်လျက် ရှိတယ်လို့သိရပါတယ်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မူဆယ်- မန္တလေး လမ်းကြောင်း ပေါ်ရှိ အဖွဲ့(၁) တွေ့ရှိ သိမ်းဆည်း ရမိတဲ့ တရားမဝင် ပစ္စည်းများ အတွက် အရေးယူ ဆောင်ရွက်မည့် ပညာပေး ကာလအား ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ သတ်မှတ် ထားပြီးအဖွဲ့ (၂)ရဲ့ ပညာပေး ကာလအဖြစ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ သတ်မှတ် ထားရှိခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ကာလများ အတွင်း ဖမ်းဆီး ရပါက ခွင့်ပြုကုန်ဖြစ်လျှင် လိုင်စင် ပြန်လည် လုပ်ပေးခြင်း၊ အခွန် ဆောင်စေခြင်း တို့ကို ပြုလုပ်ပေးပြီး ကန့်သတ် ကုန်ဖြစ်ပါက ဖျက်ဆီး/ သိမ်းဆည်းခြင်း တို့ကို ပြုလုပ်ကြောင်း သိရပါတယ်။

ယခုအခါ ပညာပေး ကာလ ကျော်လွန်သွားပြီ ဖြစ်တဲ့ အတွက် ထိုလမ်းကြောင်းများ ပေါ်တွင် ဖမ်းဆီးရမိတဲ့ တရားမဝင် လိုင်စင်မဲ့/ ကန့်သတ်ကုန်များအား ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (၁)ရဲ့ ရှာဖွေ စစ်ဆေးမှုများ အရ ၂၄-၁-၂ဝ၁၃ ရက်နေ့ ဝ၃းဝဝ ချိန်တွင် လားရှိုး- မန္တလေးသို့ မောင်းနှင်လာသော ယာဉ်မောင်း xxxx မောင်းနှင်တဲ့ ကင်တာ ယာဉ်အမှတ် (၈ဆ/ထထထထ ) ပေါ်မှာ လိုင်စင်မဲ့ သယ်ဆောင်လာသော စားသောက် ကုန်ကြမ်း၊ မုန့်လုပ် ကုန်ကြမ်း၊ နို့မှုန့်၊ ဆီအနံ့ဗူး၊ မူလီချောင်း၊ အုန်းသီးမှုန့်၊ စားသောက်ကုန် အနံ့တို့အား လည်းကောင်း၊ အဆိုပါနေ့ ဝ၅း၁ဝ ချိန်တွင် ယာဉ်မောင်း xxxxx မောင်းနှင်သည့် ဟိုင်းလတ်ယာဉ် အမှတ် (ပ/xxxxx) ပေါ်မှာ ဘီယာများအား လည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့၏ လုပ်ငန်းစဉ်များအား အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်လျက်ရှိတဲ့ Mobile Team Facebook စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် အဆိုပါနေ့ ဝ၆း၃ဝ ချိန်တွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့ (၁) ဟာ နောင်ခိုျနဲ့ ဂုတ်တွင်း အကြား လှည့်လည် စစ်ဆေးစဉ် မန္တလေး- လားရှိုး လမ်းကြောင်းပေါ် ဂုတ်တွင်း အတက် လမ်းဆုံတွင် ယာဉ်မောင်း (....) မောင်းနှင်လာတဲ့ ဟိုင်းလတ် ယာဉ်အမှတ် (၃က/...) ပေါ်မှာ ခေါက်ဆွဲခြောက် အိတ်များ၊ ဆော့ အချဉ်ဖာများ၊ အထည်ထုပ်များ၊ မှိုခြောက်ဖာများ၊ အသင့်စား အကြော်အိတ်များ၊ ပဲဂေါသီး အိတ်များ၊ ဂေါက်အိတ် အလွတ်များ၊ DVR ခွေကူးစက်များ၊ အေးခဲ ကြက်သား အိတ်များအား တရားမဝင် သယ်ဆောင်လာတာကို လည်းကောင်း၊ ယာဉ်မောင်း (.....) မောင်းနှင်လာတဲ့ ဟိုင်းလတ် ယာဉ် (န/....) ပေါ်မှာ မှိုခြောက် အိတ်များ၊ အသင့်စား အကြော်ထုပ်များ၊ ခေါက်ဆွဲ ခြောက်များ၊ အေးခဲကြက်သားများ၊ အေးခဲ ဝက်အူချောင်းများ၊ ကားဘော်ဒီချွတ် ပစ္စည်းအိတ်များ၊ အထည် အိတ်များ၊ ပဲဂေါသီး အိတ်များ၊ မြက်ခင်းတု အလိပ်များ၊ DVR ခွေကူးစက်များ စစ်ဆေး တွေ့ရှိခဲ့သဖြင့် တားဆီးခဲ့ ရကြောင်း ကိုလည်း Facebook စာမျက်နှာတွင်ဖော်ပြထားပါတယ်။

သိမ်းဆည်း ရမိသော ပစ္စည်းများ အနက် အေးခဲ ကြက်သားများနဲ့ ဝက်အူချောင်းများဟာ ပုတ်သိုးလွယ် ပစ္စည်းများ ဖြစ်ပြီး မွေးမြူရေးနှင့် ဆေးကုသရေး ဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက် မပေးတဲ့ ပစ္စည်းများဖြစ်တဲ့ အတွက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျန်တရားမဝင် သယ်ဆောင်လာတဲ့ ပစ္စည်းများကို မန္တလေးမြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးခွဲ)သို့ လုပ်ထုံး လုပ်နည်းများနှင့် အညီ စနစ်တကျ လွဲှပြောင်း အပ်နံှခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်း အများစုမှာ စားသုံးသူ ပြည်သူများ အတွက် အန္တရာယ်ဖြစ်စေမဲ့ အစားအစာနှင့် ဆေးဝါး ထောက်ခံချက် မပါဝင်တဲ့ စားသောက်ကုန်များ ဖြစ်တာကို တွေ့ရှိရပြီး နိုင်ငံသူ နိုင်ငံသားများ ကျန်းမာသက်ရှည် နေထိုင်ရေးအား များစွာ ထိပါးစိန်ခေါ်လျက် ရှိပါတယ်။

ထို့အတွက် တရားမဝင် ကုန်သွယ်မှုများအား ထိရောက်စွာ ဟန့်တားနိုင်ရေး အတွက် အစိုးရဌာန ဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များ သာမက မီဒီယာများ၊ ပြည်သူများမှလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက် ပါတယ်။

မေ (ကမရ)