COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို ရုံးဌာနသို့လာရောက်ရန် မလိုဘဲ အွန်လိုင်းစနစ်ဖြင့် (၁-၄-၂၀၂၀) ရက်မှစတင်ထုတ်ပေးသွားမည်

Mon, 03/30/2020 - 04:43 -- dotadmin

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ဗိုင်းရပ်စ်ပိုးကူးစက် မှုများအားလျှော့ထားနိုင်ရေး အထူးအလေးပေး ဆောင်ရွက် လျှက်ရှိရာ ဝန်ကြီးဌာနမှထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင် လျောက်ထားမှု အား (၁-၄-၂၀၂၀)ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ အား စတင်ခွင့်ပြု ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည်နေရာမှမဆို လိုင်စင်လျောက်ထားခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည် ထုတ်ယူ ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် လျောက်ထားမှု အရေအတွက် အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံး စက်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊ စားအုန်းဆီနှင်ဆီထွက်ကုန်ပစ္စည်းများ၊ နို့နှင့်နိုထွက်ပစ္စည်းများ၊အီလက်ထရောနစ် ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ် စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တူ၊ သကြား ၊သဘာဝဓါတ်ငွေ များ အပါအဝင် အခြားကုန်ပစ္စည်းများအားထုတ်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထုတ်ပေးမည့် HS Code Line အသေးစိတ်အား ဝန်ကြီးဌာန၏ website ဖြစ်သော www.commerce.gov.mm တွင် ဆက်လက်တင်ပြပေးပါမည်။

 

အဆိုပါ ပို့ကုန်သွင်းကုန်လျောက်ထားမှုအတွက် www.myanmartradenet.com.mm မှတဆင့် ဝင်ရောက်လျောက်ထားနိုင်ပြီး ပင်လယ်ရေကြောင်းလိုင်စင်နှင့် နယ်စပ်လိုင်စင်(ရုံးချုပ်)များ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ လျောက်ထားမည့် (ပသက)မှတ်ပုံတင်ပြီး ကုမ္ပဏီများ အနေဖြင့် စနစ်အတွင်း ဝင်ရောက်အသုံးပြုရန် (Member Registration) ပြုလုပ်ရမည် ဖြစ်ပါသည်။ ငွေကြေးပေးသွင်းမှုအတွက် လက်တလောတွင် မြန်မာနိုင်ငံသားများဘဏ် (MCB eCommerce Pay) ဖြင့်ပေးသွင်းနိုင်မည်ဖြစ်ပြီး မကြာမှီ MPU eCommerce pay ဖြင့်ပါ ပေးသွင်းနိုင်ရန်ဆောင်ရွက်လျက် ရှိပါသည်။

 

အဆိုပါလိုင်စင်များအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာန (MACCS)စနစ်သို့ အီလက်ထရောနစ်ဒေတာဖြင့် ဆက်လက် ချိတ်ဆက် ပေးပို့သွားမည်ဖြစ်ပါသည်။

 

ထိုကဲ့သို့ဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ပါသည် -

(က)    Myanmar Tradenet Member ဝင်ရောက်ထားခြင်းမရှိသေးပါက Member ဝင်ခြင်း။

(ခ )     Security အတွက် Google Authenticator အား အသုံးပြုမည့် လက်ကိုင်ဖုန်းတွင် Instrall ပြုလုပ်ခြင်းနှင့် ၎င်း Google Authenticator နှင့် Myanmar Tradenet Account ချိတ်ဆက်ထားခြင်း။

(ဂ )     MCB Bank တွင် Account ဖွင့်လှစ်ထားခြင်းမရှိသေးပါက Account ဖွင့်လှစ်ခြင်း။

 

လိုင်စင်လျှောက်ထားမှုနှင့်ပတ်သက်၍ မေးမြန်းလိုပါက နေပြည်တော် (၀၆၇-၄၀၈၂၂၁)၊ ရန်ကုန် (၀၁ - ၃၇၁၂၁၉) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

ခိုင်ညိမ်းသူ

နည်းပညာ