Corona Virus (19-Cov) ဖြစ်ပွားမှုကြောင့်မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် လက်ရှိဖြစ်ပေါ်နေသောကုန်သွယ်မှုအခြေအနေများ

Thu, 03/26/2020 - 04:22 -- dotadmin

Corona Virus ပျံ့နှံ့မှုကိုတားဆီးထိန်းချုပ်နိုင်ရေး တရုတ်ပြည်မအတွင်း ခရီးသွားလာခြင်း ကန့် သတ်မှုကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုရပ်တန့်မှုမရှိသော်လည်း ကုန်သွယ်မှု ပမာဏအနေဖြင့် ယခင်ကတစ်ရက်လျှင်အမေရိကန်ဒေါ်လာ(၁၀)သန်းမှ (၁၅)သန်းအထိရှိရာမှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းမှ(၂)သန်းအထိသို့ လျော့ကျသွားခဲ့ပါတယ်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ၊  ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ရာ ယခုတစ်ပတ်တွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁၀)သန်း အထက်သို့ရောက်ရှိလာပြီဖြစ်သဖြင့် ကုန်သွယ်မှုမှာ ပုံမှန်နီးပါးဆောင်ရွက် လာနိုင်ခဲ့ကြောင်း သိရှိရ ပါတယ်။

 

(၂၁-၂-၂၀၂၀ မှ ၆-၃-၂၀၂၀ ထိ)နှင့် (၇-၃-၂၀၂၀ မှ ၂၁-၃-၂၀၂၀)ရက်နေ့အထိ စာရင်းဇယားများ အရ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏ ဖရဲသီး၊ သခွားမွှေးသီး ယာဉ်စီးရေစာရင်းအား နှိုင်းယှဉ်ရာတွင် ဖရဲသီးယာဉ်အနေဖြင့် ယခင်(၁၅) ရက်အတွင်း (၁)ရက်လျှင် ပျမ်းမျှအစီးရေ (၁၂၀)ဝန်းကျင်ရှိရာမှ ယခု (၁၅) ရက်အတွင်း ပျမ်းမျှအစီးရေ (၂၁၀)ဝန်းကျင်ထိရှိခဲ့ကြောင်း၊  သခွားမွှေးယာဉ်အနေဖြင့် ယခင်(၁၅)ရက်အတွင်း ပျမ်းမျှ အစီးရေ (၁၂၀) ဝန်းကျင်ရှိရာမှ ယခု (၁၅) ရက်အတွင်းပျမ်းမျှစီးရေ (၂၁၀) ဝန်းကျင်ထိရှိခဲ့ပြီး လက်ရှိ တွင် ရွှေလီ၊ ကျယ် ဂေါင်၊ ဝမ်တိန်နှင့် ယူနန်ပြည်နယ်အတွင်း စားသုံးရန်လောက်သာ တင်ပို့လျက်ရှိကြောင်း၊ ဖရဲ၊ သခွား အစီးရေတင်ပို့မှုအနေဖြင့် ပုံမှန်နီးပါးတိုးတက် တင်ပို့လာနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

အလားတူပင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏ ဂဏန်း၊ ငါးရှဉ့်၊ အေးခဲငါးနှင့် ပုစွန်မျိုးစုံ တင်ပို့မှုယာဉ်စီးရေစာရင်းသည် ယခင်(၁၅)ရက်အတွင်း (၁)ရက်လျှင် ပျမ်းမျှအစီးရေ(၉)စီး ဝန်းကျင်သာ ရှိရာမှ ယခု(၁၅)ရက်အတွင်း ပျမ်းမျှအစီးရေ (၁၈)စီး ဝန်းကျင်ထိရှိခဲ့ကြောင်း၊ ငါးရှဉ့်၊ ကဏန်းဆိုဒ်ကြီး များကို ပင်လယ်ရေကြောင်းမှ တင်ပို့ပြီး ဆိုဒ်သေးများကို ရွှေလီ၊ ကျယ်ဂေါင်၊ဝမ်တိန်နှင့် ယူနန်ပြည်နယ် အတွင်းစားသုံးရန်သာ တင်ပို့နေကြောင်း ရေထွက်တင်ပို့မှုသည်လည်း ထက်ဝက်တိုးတက်လာကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

သွင်းကုန်တင်သွင်းမှုအနေဖြင့် ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တင်သွင်းမှုရပ်ဆိုင်းသွားသော CMP ကုန်ကြမ်းပစ္စည်းများ ပိုမိုတင်သွင်းလာမှုကြောင့် သွင်းကုန်တင်သွင်းမှုပိုင်းတွင် သိသာစွာတိုးတက်လာ ကြောင်း၊ နှစ်စဉ်တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလသည် ကုန်သွယ်မှုလျော့နည်းလေ့ရှိသော်လည်း Corona Virus ရောဂါပိုး စတင်ကူးစက်မှုဖြစ်ပွားမှုနှင့် ဆက်စပ်သွားသဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက် ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ကုန်သွယ်မှုလျော့နည်းလေ့ရှိသော တရုတ်နှစ်သစ်ကူးကာလ ၂၀၂၀ ဇန်နဝါရီလ ၂၃/၂၄ ရက်တို့တွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျင် ကားစီးရေ (၄၀) မှ (၅၀)စီးခန့် ထိရှိပြီး ဇန်နဝါရီလ ၂၇ ရက်နောက်ပိုင်းတွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင် ကားစီးရေ (၁) စီး မှ (၃)စီးထိသာရှိခဲ့ပြီး အချို့ရက်များတွင် တင်သွင်းမှုလုံးဝမရှိခဲ့သည် အထိဖြစ်ခဲ့ရပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက် မှစတင်၍ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုမရှိသော ပြည်နယ်များမှ ကုန်တင် ယာဉ်ကြီးများ တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်သော ရွှေလီ၊ ကျယ်ဂေါင်မြို့များသို့ ဝင်ရောက်ခွင့်ရလာသည့် အခါမှစ၍မိမိတို့မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ CMPကုန်ကြမ်း တင်သွင်းမှုတွင် တစ်နေ့လျှင် ကားစီးရေ (၅) စီး မှ (၇) စီးထိတင်သွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းမှစ၍ တင်သွင်းမှုများ အရှိန်ရလာခဲ့ကာ မတ်လ ၁၀ ရက်နေ့အထိ (၁)ရက်လျှင် စီးရေ(၃၀)စီးခန့် တင်သွင်းခဲ့ပြီး မတ်လ ၁၁ ရက်နေ့ မှ မတ်လ ၂၂ ရက်နေ့အထိ စီးရေ(၆၀)စီးခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ ကုန်ကြမ်းတန်ဖိုး အနေဖြင့် အမေရိကန်ဒေါ်လာ (၁.၁၄၇) သန်းမှ (၃.၂၀၂) သန်းထိ တိုးမြင့်လာခဲ့ပြီး CMP ကုန်ကြမ်း တင်သွင်းမှုမှာလဲ ကားစီးရေပိုမို များပြား လျက်ရှိကြောင်းသိရှိရပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် CMP ဖြင့်တင်သွင်းလာသော ချည်ထည်များ၏ အမှန်တင်သွင်းလာသော စာရင်းအသေးစိတ်ကို လေ့လာကြည့်မည်ဆိုပါက (၂၃-၁-၂၀၂၀)ရက်နေ့မှ (၂၄-၃-၂၀၂၀)ရက်နေ့အထိ ကားစီးရေ စုစုပေါင်း (၁၃၂၆) စီးရှိပြီး တန်ချိန်စုစုပေါင်း (၁၆၉၅၅.၈၅၆)တန်နှင့် တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၅၄.၆၀၂) သန်း တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကို WHO မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ် ထားရာ အဆိုပါ COVID -19 သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပြန့်ပွားခဲ့ပြီး ယခုအခြေအနေထက် ပိုမိုပြန့်ပွား လာပါက စီးပွားရေးပိုင်းတွင် ကုစားရန်ပိုမိုခက်ခဲလာမည့် အနေအထားဖြစ်ပါတယ်။ လက်ရှိတွင်ဌာနအနေဖြင့် ကုန်သွယ်မှုပိုင်းတွင် ထိခိုက်နစ်နာမှုများ နည်းနိုင်သမျှနည်းပါးအောင် ဆောင်ရွက်ပေးလျက်ရှိရာ အဓိက ထိခိုက်နစ်နာခဲ့သော တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီတို့တွင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သည် COVID -19 ဗိုင်းရပ်ရောဂါကြောင့် ကုန်သွယ်မှုလုပ်ငန်းများ သိသိသာသာ ကျဆင်းသွားသဖြင့် ကုန်သည်လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများ  ယခင်ကထက် ပိုမိုမြန်ဆန်စေရန် လိုင်စင်ထုတ် ပေးမှုအပိုင်း ၊ ကုန်ပစ္စည်းစစ်ဆေးရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေး ကုန်သွယ်မှုနှင့်ဆက်စပ် လျက်ရှိသည့် OSS ဌာနများ ၊မိတ်ဘက်ဌာနများနှင့် ညှိနှိုင်း၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရပါတယ်။

 

ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျိန်စမ်းကျော့လမ်း ကြောင်းတွင် ယာဉ်ကြောပိတ်ဆို့သဖြင့် သစ်သီးတင်ယာဉ်များ တရုတ်နိုင်ငံအတွင်းသို့သစ်သီး တင်ပို့ရန် ကြန့်ကြာမှုများ ရှိနေသဖြင့် ယာဉ်ကြောရှင်းလင်းရေးကို ဆောင်ရွက်ပေးခဲ့သည့်အပြင် ကြူကုတ်/ ပန်ဆိုင်း ဝင်ပေါက်ပါ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်နိုင်ရေး၊ အလုပ်ချိန်တိုးမြှင့် လုပ်ဆောင်ပေးရေးတို့အတွက် တရုတ်နိုင်ငံနှင့် အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက်ပေးမှုအရ ကြူကုတ်/ပန်ဆိုင်း ဝင်ပေါက်မှလွယ်ကူစွာဝင်ရောက်နိုင်သည့်အပြင် ယခင် နံနက် ၀၆၀၀  နာရီ မှ ညနေ ၁၆၃၀ ထိသာ ဖွင့်လှစ် သည့်ကျိန်စမ်းကျော့ ဝင်/ထွက်ဂိတ် ကိုလည်း မန်ဝိန်းဂိတ် နည်းတူ နံနက်    ၀၆၀၀ နာရီမှ  ည ၂၀၃၀ နာရီ   ထိ အချိန် (၂) နာရီတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း သိရှိရပါတယ်။

 

တရုတ်နိုင်ငံတွင် Corona Virus ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဆောင် ရွက်မှုများအပေါ် သက်ရောက်မှုရှိနေခြင်းကြောင့် တရုတ်မျက်နှာစာရှိ အဓိက မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်တွင် ကုန်သွယ်မှုကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းမှ စ၍ ကုန်သွယ်မှုပုံမှန်နီးပါး ပြန်လည် ဆောင်ရွက်လာနိုင်ခဲ့ပြီး ကုန်သွယ်မှုပိုင်းတွင်ထိခိုက်မှုနစ်နာမှု နည်းပါးစေရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် အချက်များကို လေ့လာကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

 

 

                                                                                                                                                                           ဝင်းကို-၂၊ ဉီးစီးမှူး

                                                                                                                                                                      (ကုန်သွယ်ရေးဉီးစီးဌာန)