တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေး ပုံမှန်အခြေအနေအတိုင်း ပြန်လည်တင်ပို့နိုင်

Fri, 03/20/2020 - 08:12 -- dotadmin

 

ရန်ကုန် မတ် ၁၉

 

COVID-19 ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖရဲနှင့် သခွားမွှေး တင်ပို့မှုကို ရပ်နားထားခဲ့ရာမှ မတ် ၁၅ ရက်မှစတင်ကာ ပုံမှန်အတိုင်း တင်ပို့နိုင်ခဲ့ပြီး အရောင်းအဝယ် ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဉက္ကဌ ဦးနိုင်ဝင်းက “မတ် ၁၅ ရက်ကစပြီး တစ်နေ့ကို ကားအစီး ၄၀၀ လောက်ပြန်လည်တင်ပို့နေရ ပါသည်။ ဖရဲကို ကားအစီး ၂၀၀ နဲ့ သခွားမွှေးကို ကားအစီး ၂၀၀ တင်ပို့နေရပါသည်။ တရုတ်ဘက်ကလည်း အဝယ်ပြန်လိုက်နေပါတယ်” ဟု ပြောသည်။

 

ထိုသို့ ဖရဲနှင့် သခွားမွှေး ပြန်လည်တင်ပို့နေရာမှ မတ် ၁၈ ရက်တွင် တရုတ်-မြန်မာ နယ်စပ်တွင် ကောလာဟလသတင်းကြောင့် တရုတ်ကုန်သည်များအဝယ်ရပ်ခဲ့ပြီး ယခုပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ    သူများ အသင်းမှ သိရသည်။

 

“ကောလာဟလ သတင်းတွေများတော့ ဖရဲနှင့် သခွားမွှေးစိုက် တောင်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို နားထောင်စေချင်ပါတယ်။ မိမိနဲ့သက်ဆိုင်တဲ့ပွဲရုံပွဲစား  တွေကိုလည် မေးမြန်စုံစမ်းပြီးသွားကြပါလို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဉက္ကဌ ဦးနိုင်ဝင်းကပြောသည်။

 

COVID-19 ရောဂါမဖြစ်ပွားမီ တရုတ်နှစ်သစ်ကူးမတိုင်မီအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေး တစ်နေ့လျှင်ကားအစီးရေ ၆၀၀/၇၀၀ တင်ပို့နိုင်ခဲ့ပြီး COVID-19 ရောဂါကယက်ကြောင့် တင်ပို့မှုရပ်ဆိုင်းလုနီးပါဖြစ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဖရဲစိုက်ဧက တစ်သိန်းခန့်နှင့် သခွားမွှေးစိုက်ဧက ၃၅၀၀၀ ခန့်ရှိပြီး ထွက်ရှိလာသည့် ဖရဲနှင့် သခွားမွှေးများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့၍ ဟောင်ကောင်နှင့် စင်ကာပူတို့ကို တင်ပို့မှုများရှိရာ ပြည်ပတင်ပို့နိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ၆၆၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၇၄ သန်း၊ သခွားမွှေးတန်ချိန် ၁၂၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၄၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ရှစ်သိန်းကျော်၊ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၄၆ သန်း၊ သခွားမွှေးတန်ချိန် ၁၂၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၇ သန်းတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ၇၄၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅၂၉ သန်း၊ သခွားမွှေးတန်ချိန် တစ်သိန်ခွဲကျော်၊ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၄၅ သန်းတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အစပိုင်းမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်အထိ ဖရဲတန်ချိန် ၃၂၀၀၀၀ ကျော်နှင့် သခွားမွှေးတန်ချိန် ၃၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

မင်းသစ်(MNA)

 

သတင်းရင်းမြစ် : ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ