ကိုရိုနာကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အပေါ် ထိခိုက်နစ်နာခဲ့မှုအခြေအနေများ၊ တရုတ်အစိုးရ၏ ကူညီထောက်ပံ့ပေးသော မူဝါဒများနှင့် လက်ရှိအခြေအနေအပေါ် သုံးသပ်ချက်တင်ပြချက်

Thu, 03/19/2020 - 06:42 -- dotadmin

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေးအင်အားရှိသည့်နိုင်ငံဖြစ်ပြီး၊ ကုန်သွယ်ရေးတွင် ဉီးဆောင်နေသောနိုင်ငံလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်အတွင်း SARS ဖြစ်ပွားပြီးခဲ့သည့်နောက်ပိုင်း၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာခဲ့ပြီး ရေနံနှင့် ကြေးနီ ကဲ့သို့သော ကုန်ပစ္စည်းများ၏ဝယ်လိုအားကို တွန်းအားပေးနေသည့်နိုင်ငံလည်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ငွေကြေးတတ်နိုင်သူ များပြားလာသောကြောင့် ဇိမ်ခံပစ္စည်းများနှင့် မော်တော်ယာဉ်များကို ဝယ်ယူသုံးစွဲလာခြင်း၊ ခရီးသွားလာမှုများလည်း များပြားလာခြင်း တို့ကြောင့် ၂၀၀၃ ခုနှစ်အတွင်းက ကမ္ဘာ့ GDPတွင် (၄)ရာခိုင်နှုန်းဝန်းကျင်ခန့်သာပါဝင်ခဲ့ရာမှ ယခုအခါ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုတွင် (၁၆)ရာခိုင်နှုန်းခန့် ပါဝင်လာနေသော နိုင်ငံ လည်းဖြစ်ပါသည်။   အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုဖြစ်ခဲ့သော တရုတ်နိုင်ငံသည် ကနဉီး ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး များမကြာမီမှာပင် ကိုရိုနာ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းကြောင့် စိန်ခေါ်မှုအခြေအနေသစ်ကို ထပ်မံရင်ဆိုင်လာရခြင်း ဖြစ်ပါသည်။

 

တရုတ်နိုင်ငံအပေါ်သို့ တိုက်ရိုက်သက်ရောက်မှု

ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်၏ အောက်ဖော်ပြပါ အဓိက ကဏ္ဍကြီး (၃)ရပ်၌ တိုက်ရိုက်ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရပါသည် -

(က)  ဝန်ဆောင်မှုကဏ္ဍ (ခရီးသွားလုပ်ငန်း၊ အစားအသောက် ပြင်ဆင်သည့် လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် ထောက်ပို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ)

(ခ) စက်မှုကုန်ထုတ်ကဏ္ဍ (လက်ကိုင်ဖုန်း၊ မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများ)

(ဂ)   ကုန်သွယ်ရေးကဏ္ဍ (လေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများ လျှော့ချခြင်း နှင့် အချို့နိုင်ငံများက တရုတ်နှင့်နယ်စပ်ဒေသများကို ပိတ်လိုက်ခြင်းကြောင့်)

တရုတ်နိုင်ငံတွင် အိမ်ထောင်စုဝင်ငွေများ လျင်မြန်စွာတိုးတက်လာမှုကြောင့် တရုတ်ခရီးသွားများက နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်လည်ပတ်လာကြရာ ၂၀၀၃ ခုနှစ်တွင် ခရီးသွားသူလူဉီးရေ သန်း(၂၀)ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ခရီးသွားသူ လူဉီးရေ သန်း(၁၅၀)ရှိလာခဲ့ပါသည်။  တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့် ခရီးသွားကဏ္ဍမှာ ၂၀၀၃ ခုနှစ်က တရုတ် GDP၏ (၂)ရာခိုင်နှုန်းသာ ပါဝင်သော်လည်း၊ ယခုအခါ (၅)ရာခိုင်နှုန်းခန့် ပါဝင်လာပါသည်။ ကိုရိုနာရောဂါပိုးပျံ့နှံ့မှုကြောင့်် တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများအား ပြည်တွင်းပြည်ပအုပ်စုလိုက်ခရီး သွားမှုများကို တားမြစ်လိုက်သဖြင့်   ခရီးသွားကဏ္ဍတွင် ကြိုတင်ဝယ်ယူထားသော လက်မှတ်များ၊  ဟိုတယ်အခန်းရယူထားမှု များကို ငွေပြန်အမ်းခဲ့ရပါသည်။ ပြန်အမ်းငွေများကို အပြည့်ပြန်အမ်းမှုများပင် ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းအွန်လိုင်းခရီးသွားလက်မှတ်ကြိုတင် ဝယ်ယူနိုင်သော Trip.comမှ အမေရိကန် ဒေါ်လာ သန်း (၂၀၀)တန်ဖိုးရှိ ဘေးအန္တရာယ် လျော့ပါး သက်သာရေးရန်ပုံငွေကို ထူထောင်ခဲ့ရပါသည်။ တနည်းအားဖြင့် ကိုရိုနာကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွား လုပ်ငန်းမှာ အစောဆုံးထိခိုက်နစ်နာခဲ့ရသော လုပ်ငန်းဖြစ်ပါသည်။

ထို့နောက် တရုတ်နှစ်သစ်ကူးပိတ်ရက်များပြီးနောက် ကိုရိုနာကူးစက် ရောဂါကြောင့် စက်ရုံများပြန်လည်လည်ပတ်နိုင်ခြင်း မရှိခဲ့သဖြင့် စက်မှုကုန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာခဲ့ပြီး၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများပါ ရပ်တံ့ထားခဲ့ရသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများလည်း ကျဆင်းခဲ့ရပါသည်။ တရုတ်နိုင်ငံ၊ အာရှနိုင်ငံများအပါအဝင် ကမ္ဘာ တစ်ဝှမ်းရှိ ကုန်စည်ပြပွဲများ၊ အစည်းအဝေးများနှင့် အားကစားပွဲ အများအပြားကိုလည်း  ဖျက်သိမ်းခြင်း သို့မဟုတ် ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ထားရပါသည်။

S&P ကမ္ဘာလုံးဆိုင်ရာအကဲဖြတ်ချက်အရ  ကပ်ရောဂါဖြစ်ပွားမှုက တရုတ်နိုင်ငံရှိ မော်တော် ယာဉ်ထုတ်လုပ်သောကုမ္ပဏီများ၏ ပထမ(၄)လပတ်အတွင်း ထုတ်လုပ်မှုကို (၁၅)ရာခိုင်နှုန်းခန့် လျော့ကျစေလိမ့်မည်ဟု ခန့်မှန်းထားပါသည်။  အိမ်တွင်နေစဉ်ရော ခရီးသွားစဉ် ကာလ၌ပါ ဇိမ်ခံပစ္စည်းများ ဝယ်ယူလေ့ရှိသည့် တရုတ်စားသုံးသူများအပေါ်တွင် မှီခိုနေသော ဇိမ်ခံပစ္စည်းထုတ်လုပ်သူများတွင်လည်း များစွာထိခိုက်နစ်နာစေလျက်ရှိပါသည်။

ဗြိတိသျှတံဆိပ်ဖြစ်သည့် Burberry (BBRYF) က တရုတ်နိုင်ငံတဝှမ်းတွင် ဆိုင်ပေါင်း (၆၄)ဆိုင် ဖွင့်လှစ်ထားရာမှ  (၂၄)ဆိုင်ကို ပိတ်ထားခဲ့ရပါသည်။  ထို့ပြင် smartphone ဝယ်လိုအားပေါ်တွင်လည်း သိသာစွာ ထိခိုက်နိုင်သည်ဟု ကမ္ဘာပေါ်တွင် smartphone chip အများဆုံးထုတ်လုပ်သော Qualcomm (QCOM)က သတိပေးထားပါ သည်။ 

သို့ရာတွင် တစ်ဖက်၌ အီလက်ထရောနစ်စနစ်ဖြင့် ကုန်သွယ်ရောင်းဝယ်ရေး၊ အွန်လိုင်းပေါ်မှ ဖျော်ဖြေရေးနှင့် ဂိမ်းကစားနိုင်သည့် လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှာ အကျိုး ဖြစ်ထွန်းခဲ့ပါသည်။

 

ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်အပေါ် သက်ရောက်မှုများ

တရုတ်နိုင်ငံရှိ စက်ရုံများမှာ ဇန်နဝါရီလ နောက်ဆုံးပတ်ဝန်းကျင်မှ ဖေဖော်ဝါရီလ နှောင်းပိုင်းခန့်အထိ ပြန်လည်လည်ပတ်နိုင်ခြင်း မရှိခဲ့သောကြောင့်  ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်း များထံသို့ ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တင်ပို့နိုင်ခဲ့ခြင်းမရှိသဖြင့် ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။  တနည်းအားဖြင့် ကုမ္ပဏီအများအပြားနှင့် နိုင်ငံအများအပြားတို့မှာ တရုတ် နိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာမှုအပေါ် အားထားနေကြသောကြောင့် တရုတ်နိုင်ငံရှိ စက်ရုံများ လည်ပတ်နိုင်ခြင်းမရှိခဲ့သောကြောင့်  ကုန်စည်ထောက်ပံ့မှု ကွင်းဆက် အနှောင့် အယှက်များဖြစ်ကာ စီးပွားရေးလုပ်ငန်းများမှာ ဝင်ငွေဆုံးရှုံးကြရပါသည်။ Apple ၏ တရုတ် နိုင်ငံဘက်မှ မိတ်ဆက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Foxconnတွင် ထုတ်လုပ်မှု နှောင့်နှေး မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထို့ပြင် နစ်ဆန်းနှင့် ဟွန်ဒိုင်းအပါအဝင် မော်တော်ယာဉ် ထုတ်လုပ်သော စက်ရုံများမှာလည်း တရုတ်ဘက်မှ အစိတ်အပိုင်းများရရှိခြင်း မရှိခဲ့သော ကြောင့် စက်ရုံများကို ယာယီပိတ်သိမ်းခဲ့ရပါသည်။ ထို့ပြင် ဆေးဝါးဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်သော လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုအဟန့်အတားများနှင့် ရင်ဆိုင်နေရ ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။ ယခုနှစ်အစပိုင်းတွင် ကိုရိုနာကူးစက်ရောဂါကြောင့် စက်မှုကုန်ထုတ်လုပ်မှုကိုပါ ထိခိုက် လာခဲ့ သဖြင့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ရေနံဝယ်လိုအား ပထမဆုံးအကြိမ် ကျဆင်းခြင်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပထမ (၄)လအတွင်း ရေနံစည်ပေါင်း (၄၃၅,၀၀၀) ဝယ်လိုအား ကျဆင်း မည်ဟု ခန့်မှန်းထားကြောင်း International Energy Agency (IEA)က ထုတ်ဖော် ပြောကြား ထားပါသည်။ ထို့ပြင် လေကြောင်းဖြင့် ခရီးသွားလာမှုများလည်း ကျဆင်း သွားသောကြောင့် လေကြောင်းလိုင်းများတွင် အမေရိကန်ဒေါ်လာ (၁၁၃) ဘီလီယံခန့် ထိခိုက် နစ်နာနိုင်သည်ဟု International Air Transport Association (IATA)က ခန့်မှန်းထားသည်။

 

ကပ်ရောဂါအား တန်ပြန်သည့် တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်မှုများ

ယခုကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားမှုကို သုံးသပ်ကြသည့်အခါ ပထမ (၃)လ အတွင်း၌သာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှောင့်နှေး၍ တစ်နှစ်ပတ်လုံး၏ ဖွံ့ဖြိုးမှုကို ထိခိုက်ခြင်း မရှိသော “စီမံခန့်ခွဲနိုင်သော သက်ရောက်မှု (manageable impact)”နှင့် ကပ်ရောဂါမှာ မည်ရွေ့မည်မျှ ကြာမြင့်မည်ဟူသည့်အပေါ် မူတည်ပြီး အနာဂတ်စီးပွားရေးလမ်းကြောင်းကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိသော “မသေချာမရေရာသည့် သက်ရောက်မှု (uncertain impact)” ဟူ၍ နှစ်ပိုင်းရှိပါသည်။  တရုတ်အစိုးရသည် ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် SARS ရောဂါ၊ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် H1N1 ဝက်တုပ်ကွေးရောဂါနှင့် H7N9 ကြက်ငှက် တုပ်ကွေးရောဂါ၊ ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့သော Wenchuan မြေငလျင်ဘေး စသည်တို့၏ စီးပွားရေးအပေါ် ရေတိုသက်ရောက်မှုကြီးများကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့ပြီး၊  ၂၀၀၉ ခုနှစ်က ကြုံတွေ့ခဲ့သည့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကိုပင် စီးပွားရေးစေ့ဆော်သည့် စီမံမှုများဖြင့်  နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် တည်ငြိမ်စွာကိုင်တွယ်နိုင်ခဲ့ပါသည်။  ထို့ကြောင့် ယခုအကြိမ်တွင်လည်း  ကပ်ရောဂါကြောင့်  စီးပွားရေးနှင့် လူမှုရေးအပေါ် ထိခိုက် နစ်နာမှုများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟု တရုတ်သမ္မတက ကနဉီးကပင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

တရုတ်အစိုးရက ကပ်ရောဂါကို  တားဆီးရန်နှင့် ၎င်းနိုင်ငံ၏ စီးပွားရေး ကျဆင်း မှုကို ကိုင်တွယ်ရန် အောက်ဖော်ပြပါစီမံဆောင်ရွက်မှုများကို လျင်မြန်စွာ လိုက်ပါဆောင်ရွက် ခဲ့ပါသည် -  

 

(က)ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုများ

(က)     ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် ဆေးဝါးအသုံးအဆောင်များနှင့် စမ်းသပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်နယ်အစိုးရများအတွက် လိုအပ်သော ကူညီမှုများပေးခြင်း၊

(ခ)       ရောဂါကူးစက်သူများအား ကုသရန် ဆေးရုံအသစ်များ တည်ဆောက် ပေးခြင်း၊

(ဂ)       ရောဂါကူးစက်ခြင်းခံရသော လူနာများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေး အာမခံ သို့မဟုတ် ဆေးဝါးအထောက်အပံ့ဖြင့် ကျခံခြင်းမရှိသည့် ဆေးဝါးကုသသည့်စရိတ်များအတွက် ဗဟိုနှင့် ပြည်နယ်အစိုးရများထံမှ ကူညီထောက်ပံ့မှုများကို ရရှိခြင်း၊

(ဃ)     ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတွင် ပါဝင်ကြသော ဆေးဘက် ဆိုင်ရာလုပ်သားများနှင့် အခြားလူပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ ကူညီ ပေးခြင်း၊ တာဝန်ထမ်းဆောင်နေစဉ် ရောဂါပိုးကူးစက်ခြင်းခံရ ပါက လျော်ကြေးပေးခြင်း၊

(င)       People's Bank of China (PBOC)၏ နန်နင်းဘဏ်ခွဲက ကိုရိုနာ ရောဂါပိုး ကူးစက်ခံထားရသော သို့မဟုတ် သံသယရှိသော လူနာများ၊ သီးခြားထား၍ စောင့်ကြည့်နေ သူများနှင့် ရောဂါကာကွယ် ကုသရေး တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ကြွေးမြီများ ပြန်လည် ပေးဆပ်ရန် နေ့စွဲကို နောက်ဆုတ်ပေးခြင်းနှင့် ကြွေးမြီပြန်မဆပ်ဟု မှတ်တမ်း ရှိမှု ပေါင်း (၂၀၁၀)ကို ပယ်ဖျက်ပေးခဲ့ခြင်း၊

(စ)       ငွေစက္ကူအသစ်များ ဖြန့်ဝေပေးခြင်းနှင့် ရောဂါဖြစ်ပွားရာဒေသများ အတွင်းနှင့် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ငွေစက္ကူများ ရွှေ့ပြောင်း သယ်ဆောင်မှုအား ခေတ္တဆိုင်းငံ့ခြင်း၊

(ဆ)     ပြည်တွင်းဈေးကွက်ဈေးနှုန်းများအပေါ် စောင့်ကြည့်ကြပ်မတ်ခြင်းကို ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွား နေမှုအား တိုက်ဖျက်နေချိန်အတွင်း ဈေးကွက်စနစ်တကျလည်ပတ် စေရန်နှင့် ဈေးကွက်ချိုးဖောက်ပျက်ယွင်းမှုများ မရှိစေရန် ကြပ်မတ်ခြင်း၊

(ဇ)       ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပစ္စည်းများကို ထုတ်လုပ်သူ များအား ပိုမိုနည်းပါးသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးခြင်း၊

(ဈ)      ဆေးဝါးဆိုင်ရာ ရင်းမြစ်များ လိုအပ်ချက်ကို ဖြေရှင်းရန်၊ ၎င်းပစ္စည်းများ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန်နှင့် ထုတ်လုပ်မှုတိုးချဲ့ရန် လုပ်ငန်း များကို အားပေးလျက်ရှိပြီး လိုအပ်သော လုပ်သား၊ ကိရိယာ တန်ဆာ ပလာ၊ ရန်ပုံငွေနှင့် ရင်းမြစ် များကို အစိုးရဘက်မှ ပံ့ပိုးပေးခြင်း၊

(ည)     နေ့စဉ် စားသောက်ကုန်နှင့် လူသုံးကုန်များကို လုံလောက်စွာထောက်ပံ့ နိုင်ရန် ဒေသအာဏာပိုင်များက မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် တိရိစ္ဆာန် အစာများစသည့် အဓိကစိုက်ပျိုးရေးသုံးပစ္စည်းများကို လုံလောက်စွာ ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည် ထုတ်လုပ်မှု အခြေခံ အုတ်မြစ်ကို ခိုင်မာစွာဆောင်ရွက်ခြင်း၊

 

(ခ) စီးပွားရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်မှုများ

(က)     ဖေဖော်ဝါရီလမှစ၍ တရုတ်ဗဟိုဘဏ်က အတိုးနှုန်းများကို လျှော့ချ ခြင်းနှင့် မတည်ငွေရင်းနှင့် အစုရှယ်ယာဈေးကွက်တည်ငြိမ်စေရန် ဆောင်ရွက်ပေးခြင်းမှတဆင့် ငွေကြေးပေါ်လွယ်မှုတိုးတက်စေခဲ့ခြင်း

(ခ)      ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ယခုနှစ် အတွက် ပြည်နယ်အစိုးရ ငွေချေးစာချုပ် ကိုတာအသစ်ကို ယွမ်ငွေ (၁.၈၄၈)ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၆၄.၉ ဘီလီယံ)ဖိုး ခွဲဝေပေးခဲ့ခြင်း၊

(ဂ)     အလုပ်အကိုင်၊ ဘဏ္ဍာရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက် မျှော်မှန်းချက် များဟူသည့် အဓိကနယ်ပယ် (၆)ရပ်၌ တည်ငြိမ်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးယန္တရားကို ပြင်ဆင် ရေးဆွဲခြင်း၊

(ဃ)    ရောင်းချနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများနှင့် လူသိများသည့် Jingdong Group နှင့် Taobao ကဲ့သို့သော e-commerce လုပ်ငန်းများအကြား လှုပ်ရှားမှုများကို စတင်ချိတ်ဆက်ပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးအား ပံ့ပိုးပေးရေးအတွက်  Taobao Caring Channel၏ အကျိုးကျေးဇူးကို ဆုပ်ကိုင်ရယူလျက် ရောင်းချသည့်လမ်းကြောင်းကို တိုးချဲ့ပေးခြင်း၊

(င)     ကွမ်ရှီးတွင် ကပ်ရောဂါ ကာလအတွင်း ရောင်းချနိုင်ခြင်းမရှိသော စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များအား ကိုင်တွယ်ဖြေရှင်းရန် ပြည်နယ် အတွင်းရှိ e-commerceလုပ်ငန်းများအား တက်ကြွစွာ စုစည်းပေးခဲ့ပြီး၊ mmgo.com၊ နန်နင်းစာတိုက်၊ ဈေးကွက်ရှာဖွေသော e-commerce ကုမ္ပဏီများနှင့် နန်နင်း  E-commerceအသင်းတို့ အပါအဝင် ပြည်နယ် အတွင်းရှိ e-commerceလုပ်ငန်းများ၏  ရောင်းချသောနည်းလမ်း အသွယ်သွယ်နှင့် တိုတောင်းသော ထောက်ပို့သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကဲ့သို့သော အခွင့်ကောင်းများကို ရယူခဲ့ခြင်း၊ Wechat groups၊ QQ groupsစသည်တို့မှ ကုန်စည်များကို ဝယ်ယူရန် နိုင်ငံသား များအား လမ်းညွှန်ပေးရေး လုပ်ငန်းများသို့ အားပေးခဲ့ခြင်း၊

(စ)      အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ပံ့ပိုးရန် စီမံဆောင်ရွက် မှုများကို ပြည်နယ်အလိုက် ဆောင်ရွက်စေခြင်း၊

(ဆ)   အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အထူးပြုလျက် ထိခိုက် နစ်နာမှုဖြစ်ပွားခဲ့သည့်လုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချ ပေးမည့် လူမှုရေးအာမခံပေးသွင်းမှုကို နောက်ကျမှ ပေးသွင်းခွင့်ပြုခြင်း၊ ငှားရမ်းခနှင့် အခွန်အခများ လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်း တို့ကဲ့သို့သော ခိုင်မာသည့် စီမံဆောင်ရွက်မှုများ ပြဌာန်းခြင်း၊

(ဇ)    စီးပွားရေးတည်ငြိမ်စေရန်နှင့် အလုပ်အကိုင်များကို အာခံပေးရန် ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် အစားအသောက်ပြင်ဆင် ပေးသော လုပ်ငန်းကဏ္ဍများအပါအဝင်  ကိုရိုနာကူးစက်ရောဂါကြောင့် အလွန်ထိခိုက်နစ်နာခဲ့ရသည့် လုပ်ငန်းများရှိ ကုမ္ပဏီများအတွက် လူမှုရေးအာမခံငွေကောက်ယူမှုများအား ဇူလိုင်လကုန်အထိ ရွှေ့ဆိုင်း ပေးခြင်း၊

(ဈ)     အလုပ်သမားများကို အလုပ်ထုတ်ပစ်ခြင်းအား လျှော့ချရန် အစိုးရက ကုမ္ပဏီများအား လစာကို ပြန်ချိန်ညှိရန်၊ အလုပ်လုပ်ချိန်ကို လျှော့ချ ရန်နှင့် အလုပ်သမားနှင့် ညှိနှိုင်းပြီးနောက် အချိန်ဇယား ပြန်လည် ရေးဆွဲရန် အားပေးခြင်း၊ အလုပ်သမားလျှော့ပစ်ခြင်း မပြုသည့် ကုမ္ပဏီများအား ယခင်နှစ်က ၎င်းတို့ ပေးသွင်းထားသည့် အမှန် တကယ်အလုပ်လက်မဲ့အာမခံ၏ (၅၀)ရာခိုင်နှုန်းကို ပြန်အမ်းပေး မည်ဖြစ်ခြင်း၊  ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ယာယီအခက်အခဲ ဖြစ်နေသည့် ကုမ္ပဏီများအား  အာမခံပေးသွင်းမှုကို (၆)လ ဆိုင်းထား ပေးခြင်း၊

(ည)    ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်း မလည်ပတ်နိုင်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ၎င်းတို့၏ အိမ်ငှားခကို လျှော့ချ ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း၊

(ဋ)       Bank of China ကလည်း ၎င်းကုမ္ပဏီများအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေများထုတ်ချေးခြင်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးခြင်း၊

(ဌ)       ကုန်သွယ်မှုငွေကြေးထောက်ပံ့ခြင်းနှင့် ပို့ကုန်ချေးငွေအာမခံတို့တွင် အကူအညီ အထောက်အပံ့များထောက်ပံ့ပေးခြင်း၊

(ဋ)       ရင်းနှှီးမြှုပ်နှံမှု စီမံကိန်းအတွက် အွန်လိုင်းပေါ်မှာ လက်မှတ်ရေးထိုး ခြင်းကို 5Gနည်းပညာနှင့် cloud platforms၊ 5G robotic armsစသည့် နည်းပညာဆိုင်ရာအထောက်အကူများကို အသုံးပြု၍ စတင်ဆောင်ရွက် ခြင်း၊

(ၒ)    ထောက်ပို့သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်သော ဝန်ဆောင်မှုများသို့ အခွန်အခများကို ထပ်မံလျှော့ချပေးမည့်အပြင်၊ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရပ်ဆိုင်းထားရသော စီးပွားရေးလုပ်ငန်းသုံးယာဉ်များ၊ သင်္ဘောများနှင့် လေယာဉ်များအတွက် အာမခံကာလကို တိုးမြှင့် ပေးခြင်းနှင့် အာမခံသက်တမ်းတိုးကြေးကို လျှော့ချပေးခြင်းစသည့် နည်းလမ်းများဖြင့် အာမခံကြေးကင်းလွတ်ခွင့် သို့မဟုတ် လျှော့ချခြင်း များ ပြုလုပ် ပေးရန်လည်း အာမခံကုမ္ပဏီများသို့ အားပေးခြင်း၊

(ဏ)    ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက လုပ်ငန်းပေါင်း (၁၉၂၈)ခုသို့ ချေးငွေ ယွမ်(၇)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ထုတ်ချေးပြီးခဲ့ပြီး ဖြစ်ခြင်း၊ လုပ်ငန်းပြန်လည်စတင်ရန် အရေးတကြီး ငွေကြေးလိုအပ် နေသော အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ ယွမ် (၇၆)ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ခြင်း၊

(တ)     ဖေဖော်ဝါရီလ (၂၈)ရက်နေ့၌ ကွမ်ရှီးတွင် ရောဂါကာကွယ်ရေးနှင့် ဆက်စပ်သော နေရာများအတွက် ဘဏ်စာရင်း (၂၀၇)ခုကို ဖွင့်လှစ် ပေးထားကာ၊ အွန်လိုင်းမှ ငွေပေးငွေယူ ပြုလုပ်မှုပေါင်း (၄၈.၇၅)သန်းကို ဆောင်ရွက်ပေးထားပြီး၊ ရောဂါကာကွယ်ရေး အသုံးအဆောင်များ ကုန်သွယ်ရာတွင် ယွမ်ငွေ (၆၂.၆၈)သန်းတန်ဖိုးရှိ နိုင်ငံခြားငွေကြေး လဲလှယ်မှု ပေါင်း (၃၈)ခုကို ပြုလုပ်ပေးခဲ့ခြင်း၊

 

တရုတ်နိုင်ငံတွင် လုပ်ငန်းများပြန်လည်စတင်ခြင်း

ယခုအခါ ကိုရိုနာကူးစက်ကပ်ရောဂါကြောင့် ရောဂါကူးစက်မခံရစေရန် အိမ်တွင်း အောင်းနေခဲ့ရသည့်ကာလပြီးနောက် ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်စတင်ရေး  အစိုးရက ဆက်တိုက်ပံ့ပိုးကူညီမှုများ ချမှတ်ဆောင်ရွက်လာခဲ့သောကြောင့် တရုတ်နိုင်ငံတစ်ဝှမ်းတွင် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် နိုင်ငံတဝှမ်းမှ အဓိကစက်မှုကုန်ထုတ်လုပ်ငန်းတစ်ဝက်ကျော်တို့က ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြပြီးဖြစ်ပါသည်။  

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကိုရိုနာကူးစက်ရောဂါပျံ့ပွားမှု အခြေအနေအား ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် မူဝါဒပံ့ပိုးမှုများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ ပူးဆောင်ဆောင်ရွက်မှုအား အားကောင်းခိုင်မာစေခြင်းနှင့် လုပ်ငန်းပြန်လည်စတင်နိုင်ရေး သေချာစေရန် စီစဉ်ရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။  ခိုင်မာသော ပံ့ပိုးစီမံ ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ပေးနေပြီး၊ ၎င်းတို့အနက် လုပ်ငန်းများ အတွက် သွင်းအားစုများ ပြန်လည်ရရှိစေရေး ခွင့်ပြုသည့်လမ်းကြောင်းများ တည်ထောင် ပေးခြင်းနှင့် တည်ဆောက်ဆဲစီမံကိန်းများနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ အတွက် ကွမ်ရှီးအတွင်းရှိ ဒေသများနှင့် မြို့တော်များတွင် အထူးရန်ပုံငွေများ တည်ထောင်ပေးခြင်းတို့ ပါဝင်ပါသည်။

ကွမ်ရှီးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ အဓိကစီမံကိန်းပေါင်း (၈၅၉)ခုအား ပြန်လည်စတင်ခဲ့ပြီး နှုန်းအနေဖြင့် (၉၉.၈) ရာခိုင်နှုန်း ရှိပါသည်။  မကြာသေးမီ က ၂၀၂၀ခုနှစ်အတွင်း  အဓိကစီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရန် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ယွမ်ငွေ (၁၉၁.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၂.၄၃ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်းပေါင်း (၁၁၃၂)ခုပါဝင်သည့် အကောင်အထည်ရန်စီမံချက်တစ်ရပ်အား ကွမ်ရှီးက ထုတ်ပြန်ကြေငြာခဲ့သည်။ ၎င်းတို့အနက် စီမံကိန်း (၁၄၀)မှာ အသစ်များဖြစ်ပြီး၊ စီမိန်း(၈၅၉)ခု မှာ တည်ဆောက်ဆဲဖြစ်ပါသည်။

  မတ်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်များအရ ကွမ်ရှီးဒေသတွင် ရေစီမံကိန်း (၈)ခုနှင့် အဓိက သယ်ယူပို့ဆောင်ရေး (၅၆)ခုတို့မှာ ဖေဖော်ဝါရီလကုန်ကတည်းက လုပ်ငန်းများပြန်လည်စတင်ပြီဖြစ်ကြောင်း၊  ၂၀၂၀ တရုတ်- အာဆီယံ  ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှစ်၏ အရေးကြီး သော တရုတ်-အာဆီယံ သတင်းအချက်အလက်ဆိပ်ကမ်း၏ အဓိကစီမံကိန်းများပြန်လည စတင်မှုမှာ အလွန်လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း၊  ၎င်းစီမံကိန်းကို တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်ပြီး ကွမ်ရှီးမှာ အခရာဖြစ်လာကြောင်း သိရပါသည်။

 

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံတွင် အစိုးရက အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အထောက် အပံ့ပေးသည့် မူဝါဒများကို ဆက်တိုက်ချမှတ်လာသောကြောင့်  ကူးစက်ရောဂါ ဖြစ်ပွားမှုကို သေချာစွာ ထိန်းချုပ်နိုင်ခဲ့လျှင် တရုတ်၏ စီးပွားရေးလျင်မြန်စွာ နာလန်ထူလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားကြပါသည်။   သို့ရာတွင် ယခုအခါ ကိုရိုနာကူးစက် ကပ်ရောဂါသည် တရုတ်နိုင်ငံမှ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများဆီသို့ ပျံ့နှံ့သွားပြီဖြစ်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပင် ကူးစက်မြန်သော ကမ္ဘာ့ကပ်ရောဂါ ဖြစ် ကြောင်း မတ်လ (၁၁)ရက်နေ့က ကြေငြာထားရပြီးဖြစ်ပါသည်။ 

တရုတ်နိုင်ငံ တစ်နိုင်ငံတည်း၌ ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားနေစဉ်က ၎င်းနိုင်ငံ၏ ၂၀၂၀ခုနှစ်၊ ပထမ (၃)လအတွက် ဖွံ့ဖြိုးမှုနှုန်း (၄.၅) ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းကြပြီး၊ ၎င်းဖွံ့ဖြိုးမှုနှုန်းမှာ ငွေကြေးအကြပ်အတည်း ပြီးကတည်းက အနိမ့်ဆုံး နှုန်းဖြစ်ပါသည်။  သို့ရာတွင် ယခုကဲ့သို့ တစ်ကမ္ဘာလုံးနီးပါး ကူးစက်ကပ်ရောဂါ ပျံ့နှံ့သွားချိန်၌ တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံများ ပြန်လည်လည်ပတ်လျှင်သော်မှ အခြား နိုင်ငံများမှ စက်ရုံများ ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိသည့် အခြေအနေမျိုးဖြစ်လာပါသည်။

လက်ရှိတွင် သီရိလင်္ကာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန် အပါအဝင် နိုင်ငံများက ၎င်းတို့၏ အတိုးနှုန်းများကို လျှော့ချထားကြပါသည်။ တစ်ဖက်တွင်လည်း အိမ်ထောင်စုများ၊ အစိုးရများနှင့် ကုမ္ပဏီများမှ ချေးယူထားသော ငွေများအပါအဝင် ချေးငွေကြွေးမြီများ တင်ရှိမှုမှာ အမေရိကန် ၊ ဂျပန်နှင့် ဉရောပနိုင်ငံကြီးများတွင် ကမ္ဘာ့ စီးပွားရေး၏ (၃)ဆကျော် မြင့်မားလာလျက်ရှိပြီး၊ အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လျက် ရှိပါသည်။ 

ကမ္ဘာ့စက်မှုကုန်ထုတ်လုပ်ငန်းကွင်းဆက်တွင် စီးပွားရေးအရ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွား နေချိန်၌ နိုင်ငံစီးပွားရေးအတွက် အစိုးရ၏ စီမံဆောင်ရွက်ပေးမှုများကြောင့် ပုံမှန် လမ်းကြောင်းပေါ်သို့  ပြန်လည်ရောက်ရှိလာဖွယ်ရှိသော်လည်း အခြားတစ်ဖက်တွင် ကမ္ဘာ တစ်ဝှမ်း၌ ကသောင်းကနင်းဖြစ်လျက်ရှိပါသည်။  လက်ရှိအချိန်၌ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာ ကူးစက်ရောဂါဖြစ်ပွားမှု ပေါင်းတစ်သိန်းကျော်နှင့်အတူ အီတလီနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုကုန်ထုတ်လုပ်မှု အချက်အချာနေရာကို ပိတ်ထားခြင်း၊ ဆော်ဒီ အာရေဗျနှင့် ရုရှတို့က ထုတ်လုပ်မှု တိုးမြှင့်လိုက်သဖြင့် ရေနံဈေးနှုန်းများ သုံးပုံ တစ်ပုံကျဆင်းခြင်း၊ ဉရောပနှင့် အမေရိကန်တို့တွင် အစုရှယ်ယာ တန်ဖိုးများ  မတည်ငြိမ်ဘဲ ကျဆင်းခြင်းတို့ ဖြစ်ပွား လျက်ရှိပါသည်။ OECD အဖွဲ့က ကိုရိုနာ ကူးစက်ကပ် ရောဂါဖြစ်ပွားမှုမှာ ငွေကြေးအကြပ် အတည်း ဖြစ်ပွားပြီးချိန်မှစ၍ ကမ္ဘာ့စီးပွားရေးကို အထိအနာဆုံးဖြစ်စေမည့် အန္တရာယ် ဖြစ် ကြောင်း သတိပေး ပြောကြားထားပါသည်။  ကမ္ဘာ့ဘဏ်မှ ခန့်မှန်းချက်အရ ကမ္ဘာလုံး GDP၏ (၅)ရာခိုင်နှုန်းနီးပါး သို့မဟုတ် အမေရိကန်ဒေါ်လာ (၃) ထရီလီယံကျော်နှင့် ညီမျှသည့် စီးပွားရေး ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု သိရပါသည်။ 

ကူးစက်ကပ်ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုမှာ ပုံမှန်ဖြစ်နေကျ သဘာဝဘေးအန္တရာယ်များကဲ့သို့ ကြိုတင်မှန်းဆရန် လွယ်ကူခြင်းမရှိလှပါ။   မူဝါဒပိုင်းနှင့် စနစ်ပိုင်း ခိုင်မာတောင့်တင်းစေရန် ဆောင်ရွက်ထားသည့် နိုင်ငံများမှအပ သက်ရောက်မှု ပြင်းထန်နိုင်ပါသည်။  စံသတ်မှတ်ထားသည့် ကြိုတင်မှန်းဆသည့် အညွှန်းကိန်းများပေါ်တွင် မှီခိုခြင်းက ကြိုတင်မှန်းဆမှုများ မှားယွင်းနိုင်ပြီး  ၊   ဆုံးရှုံးနိုင်ခြေများလည်း တိုးလာနိုင်ပါ သည်။ ၎င်းကို “Black swan”ဟု တင်စားခေါ်ဝေါ်ကြပါသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းပျံ့နှံ့ဖြစ်ပွားနေသည့် ကပ်ရောဂါအား ကျန်းမာရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ရှုထောင်အဘက်ဘက်မှ တုန့်ပြန်ရန် အဓိကကျသည့်အချက်မှာ နိုင်ငံစုံအဖွဲ့အစည်းများ၏ အကူအညီဖြင့်  ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် မူဝါဒပိုင်းနှင့် စနစ်ပိုင်း ခိုင်မာခြင်း ရှိ၊မရှိ၊  ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင် ရွက်လိုခြင်းရှိ၊ မရှိသည်ဟူသည့်အချက်များအပေါ် များစွာမူတည်နေကြောင်း တင်ပြအပ် ပါသည်။

 

လေ့လာတင်ပြသူ

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး

နန်နင်းမြို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

ကိုးကားသော အထောက်အထားများ

(၁) https://www.businessworldreport.com

(၂) https://edition.cnn.com

(၃) www.theguardian.com

(၄) www.weforum.org

(၅) နန်နင်းစီးပွားရေးသံမှူးရုံးမှ အပတ်စဉ်တင်ပြသော သတင်းစာစောင်များ